Submitted by admin on Tue, 09/08/2020 - 11:34

Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသစောင့်ရှောက်ရေးအတွက် Quarantine Center များနှင့် စပ်လျဉ်း၍ ပါဝင်ဆောင်ရွက်နေသူများနှင့် အပြန်အလှန်ဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၇

Coronavirus Disease 2019(COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသစောင့်ရှောက်ရေးအတွက် Quarantine Center များနှင့် စပ်လျဉ်း၍ ပါဝင်ဆောင်ရွက်နေကြသည့် We Love Yangon၊ EC Member ဦးမောင်မောင်အေး၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာချစ်ကိုဟန်၊ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း တို့နှင့် ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက် တွေ့ဆုံ၍ လက်တွေ့အခြေအနေများကို အပြန်အလှန် ဆွေးနွေးသည်။

ရှေးဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပထမဦးစွာ ပုဂ္ဂိုလ်ရေးအရ ပြောလိုသည်မှာ မိမိ၏ ရန်ကုန်ခြံဝင်းထဲမှ Positive တစ်ဦး တွေ့ရှိခဲ့သည့်အတွက် တောင်းပန်ပါကြောင်း၊ အစိုးရအနေဖြင့် မည်သူ့ကိုမှ ကိုဗစ်ရောဂါ ရ၍ဆိုပြီး အပြစ်မမြင်ပါကြောင်း၊ အရေးကြီးသည်မှာ ရောဂါရှိနေသူများကို မြန်မြန်ရှာဖွေပြီး မြန်မြန်ကုသမှုပေးရန်ဖြစ်ပါကြောင်း၊ သို့မှသာ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်မည် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပြန်လာသည့် ပြည်သူများ၏ အမည်စာရင်းကို သတင်းစာထဲတွင် ထည့်သွင်းကြေညာပေးပြီးဖြစ်ပါကြောင်း။

၎င်းတို့ကို သက်ဆိုင်ရာ ဌာနများသို့ ဆက်သွယ် အသိပေးရန် ပြောဆိုထားသော်လည်း တစ်ဝက်ခန့်မှာ ယခုထိ မဆက်သွယ်ကြပါကြောင်း၊ မဆက်သွယ်သည့်အတွက် လိပ်စာများ နှင့်ပါ ထပ်မံထည့်သွင်း ကြေညာသွားမည် ဖြစ်ပါကြောင်း၊ သို့မှသာ ပတ်ဝန်းကျင် အိမ်နီးနား ချင်းနှင့် မိတ်ဆွေများက မည်သူမည်ဝါဖြစ်သည်ကို သိရှိမည်ဖြစ်ပါကြောင်း၊ ယခုကိစ္စကို လွှတ်ထား၍ မရပါကြောင်း၊ ရက်အပိုင်းအခြား၊ အချိန်အတိုင်းအတာတစ်ခု ပေးမည်ဖြစ် ကြောင်း၊ ထိုအချိန်အတွင်း မိမိသဘောဆန္ဒအရ မဆက်သွယ်ဘဲ နောက်ပိုင်းမှ မိမိပါမှန်း သိပါက အရေးယူရမည်ဖြစ်ပါကြောင်း၊ အရေးယူရာတွင်လည်း ဒဏ်ပေးချင်သည့် စိတ်ဖြင့် မဟုတ်ဘဲ သတိပေးချင်သည့် စိတ်ဖြင့်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ မဆောင်ရွက်ပါက ရန်ကုန်ကဲ့သို့ နေရာမျိုးတွင် အမြန်ဆုံးပြန့်ပွား သွားနိုင်ပါကြောင်း။

ယခုအချိန်အတွင်း အားလုံးက အထူးသတိထားရန် လိုအပ်ပါကြောင်း၊ မိမိအနေဖြင့် ယနေ့ညနေပိုင်းတွင် ရန်ကုန်သို့သွား၍ မဲဆန္ဒနယ်ဖြစ်သည့် ကော့မှူးမြို့သို့ သွားရောက်ရန်နှင့် ဆိပ်ကြီးခနောင်တို မြို့နယ်တွင် နိုင်ငံတော်အလုပ်တစ်ခု လုပ်ဆောင်ရန်ရှိပါကြောင်း၊ သို့သော် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ခရီးသွားလာမှုကို သဘောမတူသည့်အတွက် ယင်းခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို တိတိကျကျလိုက်နာရန်နှင့် ယင်းဝန်ကြီးဌာနက သဘောမတူသည့် ကိစ္စများကို မလုပ်ရန် လိုကြောင်း၊ နိုင်ငံတော်ယန္တရားကြီးကို ကိုဗစ်ကြောင့် ရပ်သွားခြင်း မဖြစ်စေဘဲ ဆက်လက်လည်ပတ်နိုင်ရမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်ရမည်ဖြစ်ပါကြောင်း။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါကို စတင်ထိန်းချုပ်နိုင်ပြီဟု မှန်းဆ၍ရပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်နေသည့် Case များသည် တက်လာခြင်းမရှိဘဲ တည်ငြိမ်သွားသည့် သဘော ရှိပါကြောင်း၊ သို့သော် ရန်ကုန်တိုင်းဒေသကြီးတွင် များစွာပြန့်ပွားနေပါကြောင်း၊ ရန်ကုန်ကို စီးပွားရေးမြို့တော်ဟုပြောလျှင် မမှားပါကြောင်း၊ သံတမန်အများစုနှင့် နိုင်ငံခြား အဖွဲ့အစည်းများသည် ရန်ကုန်တွင် ရုံးစိုက်ကြပါကြောင်း၊ ရန်ကုန်သည် များစွာ အရေးကြီးပြီး လူဦးရေ အလွန်များပြားပါကြောင်း၊ ရန်ကုန်ကို ယခု ကိုဗစ်စိန်ခေါ်မှုကြီးကနေ မည်သည့်ပုံစံ ဖြင့် ကျော်လွှားထိန်းချုပ်နိုင်မည်ကို ဝိုင်းဝန်းစဉ်းစား ပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် We Love Yangon ၊ EC Member ဦးမောင်မောင်အေး က မိမိတို့ We Love Yangon တွင် Volunteer များစွာရှိပါကြောင်း၊ We Love Yangon ကို မတ် ၅ ရက်တွင် စတင်ခဲ့ပါ ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများနှင့် ပြည်ပရောက် ပြည်သူများက အလှူငွေများ လှူဒါန်းကြပါကြောင်း၊ ယင်းအလှူငွေများကို မိမိတို့ စနစ်တကျ စီမံခန့်ခွဲပါကြောင်း၊ အခြေခံ စားသောက် ကုန်များကို ဆင်းရဲနွမ်းပါးသည့် မြို့နယ်များသို့ မျှဝေပေးပါ ကြောင်း။

ထို့ပြင် အလှူရှင်များ လှူဒါန်းသည့် ဆေးဝါးများ၊ ဆေးပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများကို တောင်ဥက္ကလာပဆေးရုံနှင့် ဝေဘာဂီဆေးရုံသို့ သွားရောက်ပို့ဆောင်ပေးခဲ့ ပါကြောင်း၊ ရခိုင်ပြည်နယ်အတွက်လည်း ကူညီမျှဝေမည့် အစီအစဉ်ပြုလုပ်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ် အတွက် ရရှိသည့် အလှူငွေများကို လိုအပ်သည့်ပစ္စည်းများဝယ်ယူပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်းကာ မျှဝေပေးခဲ့ပါကြောင်း၊ ယနေ့ Mask များ ဝေပေးခြင်း၊ ဈေးများတွင် အသိပညာပေးခြင်း၊ Lockdown နေရာများနှင့် ပတ်ဝန်းကျင်များကို ဆေးဖြန်းပေးခြင်း စသည့်လုပ်ငန်းများကို We Love Yangon အဖွဲ့က လုပ်ဆောင်ပေး နေပါကြောင်း ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဒုတိယပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာချစ်ကိုဟန် က ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြင်ပမှ လာသူများကို Quarantine Center ၌ အသွားအလာကန့်သတ်ပြီး ရောဂါ ရှိ၊ မရှိ ရှာဖွေ၍ ကုသခြင်း၊ ခွဲခြားခြင်းတို့ကို ဆောင်ရွက်ပါကြောင်း၊ ရခိုင်ပြည်နယ်မှ ပြန်လာသည့် လူ(၁၀၀၀)ကို Quarantine ထားရှိနိုင်ရေး ဆောင်ရွက်ခဲ့ပြီး ဩဂုတ် (၁၀) ရက်မှ (၂၀) ရက်အတွင်း ပြန်လာသူများကို ကျန်းမာရေးဌာနသို့ သတင်းပို့ရန် ပြောကြားခဲ့ပါကြောင်း၊ (၁၀) ရက်မှ (၂၀) ရက်အတွင်း ပြန်လာသူများကို Quarantine Center များသို့ မခေါ်ဆောင်ဘဲ ၎င်းတို့၏ နေအိမ်များတွင် သီးသန့်နေထိုင်စေပြီး ရောဂါစစ်ဆေးရန် အစီအစဉ်များ ဆောင်ရွက်ပါကြောင်း၊ ရောဂါ တွေ့ရှိမှု၊ မရှိမှု အပေါ်မူတည်၍ စီမံခန့်ခွဲပေးပါကြောင်း၊ သယ်ယူပို့ဆောင်ရေး ဆောင်ရွက်ပေးသည့် အဖွဲ့များကို ကျေးဇူးတင်ရှိပါကြောင်း၊ ပို့ဆောင် ရေးများ ဆက်လက်ကူညီပေးရန် မေတ္တာရပ်ခံပါကြောင်း၊ ၎င်းအဖွဲ့များ၏ လိုအပ်ချက်များကို လည်း ဖြည့်ဆည်းပေးနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်နေပါကြောင်း။

စစ်တွေမှ ပြန်လာသည့်ခရီးသည်များထဲမှ တစ်ဝက်ခန့် မဆက်သွယ်သေးသည်မှာ Quarantine ဝင်ရမည်ကို ကြောက်၍ဖြစ်နိုင်ပါကြောင်း၊ လူဦးရေ ၄၅၀၀ ကျော် သတင်းပို့ရန် လိုအပ်နေသေးပါကြောင်း၊ ၎င်းတို့ကို Quarantine သို့ ချက်ချင်းပို့မည် မဟုတ်ဘဲ ၎င်းတို့၏ အိမ်တွင် နေထိုင်စေမည်ဖြစ်ပါကြောင်း၊ ၎င်းတို့ရောက်လာသည့်ရက်မှ ကူးစက်နိုင်သည့် ကာလ ၂၁ ရက်အတွင်း ရှိနေသည့်သူများ (သို့မဟုတ်) ၂၁ ရက် ကျော်သွားသည့်သူများ စသည့် အခြေအနေအပေါ်မူတည်၍ ဦးစားပေးအစီအစဉ်ဖြင့် စစ်ဆေးခြင်းများကို ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ စိုးရိမ်ပူပန်စရာ မလိုပါကြောင်း။

ရောဂါဖြစ်ပွားလာပါက သေဆုံးမှုနှုန်း မမြင့်မားပါကြောင်း၊ ဝေဒနာခံစားရမှု နည်းပါး ပါကြောင်း၊ ရောဂါသည် မသေနိုင်သော်လည်း မပေါ့ဆရန်လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် ရောဂါဖြစ်သူများအတွက် ကုသမှုအပိုင်းနှင့် သီးခြားခွဲထားမှုအပိုင်းကို ပြန်လည်စဉ်းစားရန် လိုအပ်ပါကြောင်း။

ကိုဗစ်ရောဂါ၏ ပြင်းထန်မှုအပေါ်မူတည်ပြီး နောက်ဆက်တွဲအဖြစ် ခန္ဓာကိုယ်အတွင်း မှ အင်္ဂါများ ပျက်စီးခြင်း၊ သွေးကြောများရောင်ရမ်းခြင်းတို့ ရှိနိုင်ပါကြောင်း၊ ကိုဗစ်ရောဂါကို ပေါ့ဆ၍ မရပါကြောင်း၊ အလွန်အမင်းကြောက်နေ၍လည်း မရပါကြောင်း၊ ကျန်းမာရေးဌာန ၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေးနွေး တင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက စက်တင်ဘာ ၂ ရက်မှစ၍ နေပြည်တော်ဂိတ်(၁၂)ဂိတ်ကို စိစစ်ကြပ်မတ်ခဲ့ပါကြောင်း၊ အမြန်လမ်းနှင့် လမ်းဟောင်း တချို့နေရာများတွင် ကားပေါ်မှဆင်းပြီး ဆိုင်ကယ်လမ်းများနှင့် ကျေးရွာချင်းဆက်လမ်း မှ တစ်ဆင့် နေပြည်တော်သို့ ဝင်ရောက်ခြင်းများရှိသည်ကို ကြားသိနေရပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ညှိနှိုင်းပြီး နောက်ထပ်(၁၈)နေရာကို ကြပ်ကြပ်မတ်မတ်ဖြင့် ထိန်းချုပ်ခဲ့ရပါကြောင်း၊ ဂိတ်များ တွင် တရားဝင်စစ်ဆေးသော်လည်း နည်းမျိုးစုံဖြင့် မလွယ်ပေါက်များမှ ဝင်ရောက်ခြင်းများ ရှိပါကြောင်း၊ ထို့ကြောင့် ရပ်ကွက်ကျေးရွာအုပ်ချုပ် ရေးမှူးများကို မိမိရပ်ကွက်ကျေးရွာသို့ ဝင်ရောက်လာသူများ၊ ပြန်လာသူများကို ချက်ချင်း သတင်းပို့ရန်၊ ကြပ်မတ်ရန်နှင့် Quarantine စင်တာများသို့ ပို့ဆောင်ရန် ဆောင်ရွက်ထားပါ ကြောင်း။

နေပြည်တော် အဝင်အထွက်နှင့်ပတ်သက်၍ လူဝင်ထွက်မှုနှင့် ကုန်စည်စီးဆင်းမှုကို မျှတအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူဝင်ထွက်မှုနှင့် ပတ်သက်၍ စက်တင်ဘာ ၂ ရက်မှ စတင်ကာ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်တင်ဘာ ၂ ရက်တွင် အမိန့်ကြေညာချက် ထုတ်ပြန်ခြင်းကို ပြည်သူများ မြန်မြန်ဆန်ဆန်သိရှိစေရန် Website များ၊ Facebook နှင့် မီဒီယာများမှတစ်ဆင့် ပြောကြားခဲ့ပါကြောင်း၊ ကြေညာချက်ထုတ်ပြန်ပြီး နှစ်ရက်၊ သုံးရက်တွင် လူဝင်ထွက်မှု အနည်းငယ်ရပ်တန့်ခဲ့သော်လည်း ယခုအချိန်တွင် ပုံမှန်ဖြစ်လာပြီဖြစ်ပါကြောင်း၊ လူဝင်ထွက်မှုနှင့်ပတ်သက်၍ မသွားမလာ၍ မဖြစ်သူများ၊ ဝန်ထမ်းများနှင့် နေရပ်ပြန်လာသူများသာရှိပြီး ခရီးသွားလာမှုအပိုင်းတွင် များစွာ နည်းပါး သွားသည်ကို တွေ့ရှိရပါကြောင်း၊ လူဝင်ထွက်မှုတွင် နေပြည်တော်သို့လာပါက Quarantine စင်တာသို့ ချက်ချင်းပို့ဆောင်ပါကြောင်း၊ Quarantine ၌ နေထိုင်ရာတွင်လည်း ပထမတစ်ရက် နေထိုင်ပြီးနောက် Swab ယူပြီး ရောဂါမတွေ့ရှိလျှင် ပြန်လွှတ်ပေးပါကြောင်း၊ Quarantine စင်တာတွင် သုံးရက်သာ နေထိုင်ရသည့်အတွက် ဝင်ရောက်သူများလည်း အဆင်ပြေသကဲ့သို့ မိမိတို့ စီမံအုပ်ချုပ်သူများအတွက်လည်း ယခင် Quarantine (၂၁)ရက်၊ (၂၃)ရက် ထားရှိခြင်း နှင့်နှိုင်းယှဉ်လျှင် များစွာအဆင်ပြေပါကြောင်း။

ကုန်စည်စီးဆင်းမှုအဆင်ပြေစေရန်နှင့် ကျန်းမာရေးအတွက် ထိန်းချုပ်မှုအပိုင်း တို့ကို မျှတအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်- မန္တလေး လမ်းဟောင်းတွင် ကုန်သယ်ယာဉ် အစီး(၅၀၀)၊ (၆၀၀)ခန့် ရှိပြီး ကုန်စည်ဖြတ်သန်းမှုများပြားပါကြောင်း၊ နေပြည်တော်သို့ လာရောက်သည့် ကုန်သယ်ယာဉ် အစီး(၂၀)၊ (၃၀)ရှိပါကြောင်း၊ ကျန်ကုန်သယ်ယာဉ် များမှာ မန္တလေးနှင့် တောင်ကြီးမြို့များသို့ သွားရောက်ကြခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ ဖြတ်သန်းမှုများနှင့် ပတ်သက်၍ အဝင်ဂိတ်ဘက်မှ စလစ်များပေးပြီး အထွက်ဂိတ်ကို တောက်လျှောက် မောင်းနှင်ရန်၊ လမ်းတွင် တခြားနေရာများသို့ မဝင်ရောက်ရန်၊ အထွက် ဂိတ်တွင် စလစ်ပြန်အပ်ရန် ညွှန်ကြားထားပါကြောင်း၊ မြို့ရှောင်လမ်းမှ ဖြတ်သန်းသွား ရောက်မှုများကို ထိုသို့ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် ယခုအချိန်တွင် ပုံမှန်ဖြစ်ပါကြောင်း၊ နေပြည်တော်သို့ ဝင်ရောက်သည့် ကုန်စည်များနှင့် ပတ်သက်၍ ကုန်တင်ကားဂိတ်အချင်းချင်းဆက်သွယ်ပြီး မြို့ဝင်ဂိတ်မရောက်မီ ယာဉ်မောင်း လဲပါကြောင်း၊ ယာဉ်မောင်းလဲလှယ်ပြီးမှ မြို့တွင်းသို့ ဝင်ရောက်ပြီး ကုန်တင်၊ ကုန်ချပြုလုပ်ပါ ကြောင်း၊ ထိုသို့ ဆောင်ရွက်ထားသည့်အတွက် ကုန်စည်စီးဆင်းမှုသည် ပုံမှန် နီးပါးဖြစ်နေ ပြီဖြစ်ပါကြောင်း။

Quarantine စင်တာထားရှိမှုနှင့်ပတ်သက်၍ နေပြည်တော်တွင် Quarantine စင်တာ (၈)နေရာ ဆောင်ရွက်ထားရှိပါကြောင်း၊ အဓိက စင်တာသည် စည်ပင်ဧည့်ရိပ်သာဖြစ်ပြီး ဝန်ထမ်းများနှင့် အခြားနေရာများမှ လာရောက်သူများကို ထားရှိပါကြောင်း၊ ယခုလက်ရှိ ဝန်ထမ်း(၁၅၉)ဦးနှင့် ပြည်သူ (၂၇၃)ဦး စည်ပင်ဧည့်ရိပ်သာ၌ Quarantine ဝင်ရောက် လျက်ရှိပါကြောင်း၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအတွက် ရွာတော်ရှိ တပ်မတော် စစ်ကြောရေးဧည့် ရိပ်သာတွင် ထားရှိပြီး ဝင်ရောက်နေသူ (၄၁၂)ဦးရှိပါကြောင်း၊ Contact Person များကို ကျန်းမာရေးဝန်ထမ်းများဖြင့် အနီးကပ်စောင့်ရှောက်နိုင်ရန် ဆေးရုံများတွင် Quarantine ထားရှိပါကြောင်း၊ ဆေးရုံ(၄)ရုံတွင် Contact Person (၆၆)ဦး Quarantine ဝင်ရောက်လျက် ရှိပါကြောင်း၊ ကျန်နေရာများတွင်လည်း Quarantine Center များဖွင့်လှစ်ပြီး အဆင်ပြေအောင်ဆောင်ရွက်လျက်ရှိပါကြောင်း။

စည်ပင်ဧည့်ရိပ်သာ Quarantine တွင် ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဝန်ထမ်များ အပါ အဝင် လူအင်အား(၅၀)ခန့်ဖြင့် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ လက်ရှိ၌ Quarantine စင်တာတွင် အလှူရှင်များနည်းပါးသည့် အတွက် မိမိအစီအစဉ်ဖြင့် စားသောက်ကြရပါကြောင်း၊ စည်ပင်ဧည့်ရိပ်သာ Quarantine တွင် ကျန်းမာရေး ဆေးစစ်မှုအနေဖြင့် မနက်တစ်ကြိမ်နှင့် ညနေတစ်ကြိမ် စစ်ဆေးပေးလျက်ရှိပါ ကြောင်း၊ စားသောက်ရေးပို့ဆောင်မှုအနေဖြင့် တစ်နေ့သုံးကြိမ် ပို့ဆောင်ပေးပါကြောင်း၊ တစ်ခါသုံးပစ္စည်းများကိုသာ အသုံးပြုသည့်အတွက် စင်တာ ပြင်ပတွင် ကျန်းမာရေးနှင့် ပတ်သက်၍ ထိန်းချုပ်နိုင်သည့်အနေအထားရှိပါကြောင်း။

မြို့တွင်း၌ mask တပ်ဆင်ရန် အသံချဲ့စက်ဖြင့် လိုက်လံဆော်ဩခြင်းနှင့် ညမထွက်ရအမိန့် လိုက်နာမှုရှိစေရန်တို့ကို စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသောက် ဆိုင်များတွင်လည်း ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသောက် ဆိုင်များအနေဖြင့် ညပိုင်းအချိန်တွင် စည်းကမ်းလိုက်နာမှု အားနည်းသည်ဟု ကြားသိရသည့် အတွက် ဆက်လက်ကြပ်မတ် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီအနေဖြင့် ပြည်ထောင်စုလွှတ်တော်မှ ချမှတ်ပေးသည့် ဘတ်ဂျက်မှလွဲ၍ အခြားငွေကြေး ခေါင်းစဉ် မရှိပါကြောင်း၊ ထို့ကြောင့် ငွေကြေးအသုံးပြုရာတွင် အမျိုးသားအဆင့်ဗဟို ကော်မတီသို့ တင်ပြပြီး အသုံးပြုရပါကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေအနေဖြင့် ပြီးခဲ့သည့် ကာလက အလှူရှင်များ လှူဒါန်းသည့် အလှူငွေကျပ် (၁၆၉၃)သိန်းကျော် ရရှိပါ ကြောင်း၊ အမျိုးသားကော်မတီသို့ တင်ပြ၍ ငွေကျပ် (၄၄၈) သိန်း သုံးစွဲခွင့်ရရှိခဲ့ပါကြောင်း၊ ယခုအချိန်တွင်လည်း ထိုသို့ သုံးစွဲခွင့်ပြုရန် တင်ပြလိုပါကြောင်း၊ နေပြည်တော်ရှိ ပြည်သူများကို တရားဝင် ဂိတ်ပေါက်များမှ ဝင်ရောက်ပေးကြရန်နှင့် တရားဝင်ဆေးစစ် ခံကြရန် မေတ္တာရပ်ခံပါကြောင်း ဆွေးနွေးတင်ပြသည်။

ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အကြောက် တရားသည် မကောင်းပါကြောင်း၊ မိမိမကြာခဏ ပြောကြားသည်မှာ သတိသည် လွန်ကဲ သည်မရှိ၍ သတိထားစေလိုပါကြောင်း၊ ကိုဗစ်သည် တစ်ဦးချင်း စည်းကမ်းထိန်းသိမ်း သွားမည်ဆိုပါက ပြဿနာ မရှိတော့ပါကြောင်း၊ ယခုပြန့်ပွားနေသည်မှာ မည်သူမှ မည်သူဆီသို့ ပြန့်ပွားနေမှန်း မသိရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် မည်သူကိုမှ အပြစ်ရှာနေခြင်း မဟုတ်ပါ ကြောင်း။

Quarantine စင်တာများတွင် တစ်ယောက်တည်း နေထိုင်ရသည်ကို မကြောက်အောင် မည်သို့အားပေးရမည်ကို စဉ်းစားရမည်ဖြစ်ပါကြောင်း၊ We Love Yangon အဖွဲ့အနေဖြင့် သတင်းပေးရေးကိစ္စများကို ကူညီပေးစေလိုပါကြောင်း၊ တချို့က သတင်းပေးမှုကို တခြား သူများကို ချောက်တွန်းသည်၊ ဒုက္ခရောက်အောင်လုပ်သည် ဟု တွေးနေသည့်ပုံစံရှိပါ ကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းမဟုတ်ပါကြောင်း၊ အများကို ကူညီခြင်းဖြစ်ပါကြောင်း၊ မိမိကိုယ်တိုင်က ကျန်းမာရေးကောင်းမွန်သည့်အတွက် မိမိမှာ ရောဂါဖြစ်ပြီးနောက် ကောင်းမွန်သွားသည်ဆို သော်လည်း အချက်နှစ်ချက်ကို စဉ်းစားစေလိုပါကြောင်း၊ တစ်ချက်မှာ မိမိမှတစ်ဆင့်ကူးစက် သွားသူတစ်ယောက်သည် မိမိကဲ့သို့ကံကောင်းချင်မှ ကံကောင်းမည်ဖြစ်ပါကြောင်း၊ မိမိ ကြောင့် ထိုသူဒုက္ခရောက်မသွားရန် စဉ်းစားရမည်ဖြစ်ပါကြောင်း။

နောက်တစ်ချက်မှာ ကိုဗစ်၏ ရေရှည်အကျိုးဆက်များကို သေချာစွာမသိရသေးပါ ကြောင်း၊ တချို့က ကိုဗစ်ရောဂါ ဖြစ်ပွားဖူးသူများသည် နောက်ပိုင်းတွင် အသက်ရှုလမ်း ကြောင်းနှင့် ပတ်သက်သည့် ရောဂါများဖြစ်နိုင်သည်၊ အားနည်းချက်များ ဖြစ်နိုင်သည်ဆိုသည့် သုံးသပ်ချက်များကို ဖတ်ရပါကြောင်း၊ ယခုအချိန်ထိ မှန်သည်မမှန်သည်ကို ပြော၍မရသေး ပါကြောင်း။

ယခုအချိန်တွင် တစ်နိုင်ငံလုံး စီးပွားရေးစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါကြောင်း၊ မိမိတို့အား လှူဒါန်းခဲ့သည့် လုပ်ငန်းရှင်ကြီးများသည်လည်း ၎င်းတို့၏လုပ်ငန်းများ ယခု ၄၊ ၅ လအတွင်း ပုံမှန်မလည်ပတ်နိုင်ပါကြောင်း၊ လိုအပ်ချက်များအတွက် အစိုးရအနေဖြင့် နိုင်ငံ့ ဘဏ္ဍာငွေများထဲမှ ရှာဖွေပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်း၊ ပြည်သူများက ဝိုင်းဝန်းပံ့ပိုးပေး မည်ဆိုပါက များစွာဝမ်းသာရမည် ဖြစ်ပါကြောင်း၊ တရားမဝင် သည့် နည်းလမ်းဖြင့် နေပြည်တော်အတွင်းသို့ ဝင်ရောက်သူများကို သတိပေးလိုပါကြောင်း၊ တရားမဝင်သည့် နည်းလမ်းဖြင့် မဝင်ရောက်ကြရန် လိုအပ်ပါကြောင်း၊ တခြားဒေသများမှ ပြန်လာလျှင်လည်း အသိပေးပြီး စစ်ဆေးခံကြရန် လိုအပ်ပါကြောင်း၊ စမ်းသပ်ခကိုများစွာ လျော့ထားပါကြောင်း၊ ပြည်သူများအနေဖြင့် ပိုက်ဆံမရှိ၍ ကျန်းမာရေးကုသစောင့်ရှောက်မှု မရဘူးဆိုသည်မျိုး မဖြစ်စေရပါကြောင်း၊ မသိမသာဝင်ရန် မကြိုးစား ကြစေလိုပါကြောင်း၊ မိသားစုနှင့် ပတ်ဝန်းကျင်ကလည်း ခွင့်မပြုရန်လိုကြောင်း၊ သက်ဆိုင်ရာ သို့ အသိပေးခြင်းမှာ အများဒုက္ခမရောက်ရန် ကူညီခြင်းဖြစ်ပါကြောင်း၊

ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် လာရောက်သူအားလုံးသည် ရန်ကုန် အခြေစိုက် နေထိုင်သူများမဟုတ်ကြောင်းကို သတိပြုရန် လိုပါကြောင်း၊ ရန်ကုန်မှ ပြန်လာသူ များမှာ ရခိုင်ပြည်နယ်မှ တစ်ဆင့် ရန်ကုန်၊ ရန်ကုန်မှ တစ်ဆင့် တခြားနေရာများသို့ ပြန်လာသူများ လည်း ဖြစ်နိုင်ပါကြောင်း၊ ရန်ကုန်တွင် ထိန်းချုပ်နိုင်ပါက မိမိတို့နိုင်ငံအတွက် အောင်မြင်မှုကြီး တစ်ခုဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ယခု စိန်ခေါ်မှုကြီး နှစ်ခုကို တစ်ပြိုင်တည်း ရင်ဆိုင်နေ ရပါကြောင်း၊ ပထမတစ်ခုမှာ ကိုဗစ်ရောဂါ အောင်အောင်မြင်မြင်ထိန်းချုပ်ရေးနှင့် ဒုတိယ တစ်ခုမှာ အထွေထွေ ရွေးကောက်ပွဲဖြစ်မြောက်ရေးဖြစ်ပါကြောင်း၊ ယင်းနှစ်ခုမှာ အချိန်ကာလ ကြောင့် ဆက်စပ်နေပါကြောင်း၊ မိမိအနေဖြင့် အားလုံးကို အောင်မြင်အောင် လုပ်ဆောင်စေ လိုပါကြောင်း၊ မိမိတို့ လုပ်ရမည့်အလုပ်ကို အောင်မြင်အောင်လုပ်ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ အင်အားဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ရုပ်ပိုင်းဆိုင်ရာ မချမ်းသာသော်လည်း စိတ်ဓာတ် ပိုင်းဆိုင်ရာနှင့် စွမ်းဆောင်မှုပိုင်းဆိုင်ရာ ချမ်းသာပါက မည်သည့်ပြဿနာမဆို ကျော်လွှား နိုင်မည်ဖြစ်ပါကြောင်း၊ ယခု ပြဿနာကြီးနှစ်ခုကို တစ်ချိန်တည်းတွင် ကျော်လွှားနိုင်မည် ဆိုပါက မိမိတို့နိုင်ငံအတွက် အင်အားများစွာဖြစ်ပါကြောင်း၊ နောင်တွင်လည်း မည်သည့် စိန်ခေါ်မှုမဆို ကျော်လွှားနိုင်သည်ဆိုသည့် စိတ်ဓာတ်မျိုး ပြည်သူများတွင် ရှိစေလိုပါကြောင်း၊ မိမိမှာ လွတ်လပ်ရေးရပြီးကာစ ကာလတွင် ကြီးပြင်းလာခဲ့သူ တစ်ဦးဖြစ်ပါကြောင်း၊ မိမိ ငယ်စဉ်အချိန်က လွတ်လပ်ရေးလှုပ်ရှားမှုအကြောင်း၊ မိမိတို့နိုင်ငံ မည်သို့ လွတ်လပ်ရေး ရအောင် လုပ်ဆောင်ခဲ့သည့်အကြောင်းများကို ငယ်စဉ်ကပင်ကြားနေခဲ့ရပါကြောင်း၊ မြန်မာ နိုင်ငံသည် ဂျပန်တော်လှန်ရေးတွင်လည်းအောင်မြင်ခဲ့ပါကြောင်း၊ ဗြိတိသျှအင်ပါယာအောက်မှ လည်း လွတ်လပ်ရေးရရှိအောင် လုပ်နိုင်ခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံသည် မည်သည့်အရာမဆို သန္နိဋ္ဌာန်ချ၍ လုပ်မည်ဆိုပါက အောင်အောင်မြင်မြင်လုပ်ခဲ့နိုင်သည်ဆိုသည့် စိတ်ဓာတ်များ နှင့် ပြည့်ဝခဲ့ပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံကို ငယ်စဉ်အခါက ကမ္ဘာပေါ်တွင် အတော်ဆုံး၊ အချမ်းသာဆုံး နိုင်ငံဟု မြင်ပါကြောင်း၊ တစ်ကမ္ဘာလုံး ဗမာစကားတတ်သည်ဟု ထင်ခဲ့ပါ ကြောင်း၊ ကမ္ဘာကို မြန်မာကလွှမ်းထားသည်ဟု မိမိတို့ မျိုးဆက်များကထင်ခဲ့ပါကြောင်း၊ မိမိတို့ မိဘများ၏ အောင်မြင်မှုကြောင့် ဖြစ်ပါကြောင်း။

မိမိတို့၏ မိဘများမှာ လွတ်လပ်ရေးရရှိအောင်လုပ်ဆောင်ခဲ့သည့် မျိုးဆက်ဖြစ်သည့် အတွက် ၎င်းတို့မှ မွေးဖွားလာသည့် မိမိတို့တွင် မည်သည့်အရာမဆို အောင်မြင်အောင် လုပ်ဆောင်နိုင်သည်ဆိုသည့် စိတ်ဓာတ်၊ ယုံကြည်ချက်မှာ တော်တော်များများတွင် ရှိနေပါ ကြောင်း၊ ယခုအရာသည်လည်း ပြည်သူများတွင် ယုံကြည်ချက်ရှိရန် လုပ်နိုင်သည့် အခွင့် အလမ်းတစ်ရပ်ဖြစ်ပါကြောင်း။

တစ်ဦးချင်း တစ်ဦးချင်းက ကိုဗစ် မပြန့်ပွားရေးအတွက် လုပ်ဆောင်ရမည်ဖြစ်ပါ ကြောင်း၊ မိမိတွင် ကိုဗစ်ရောဂါ ကူးစက်မှုရှိနိုင်လျှင် သက်ဆိုင်ရာဌာနသို့ အသိပေးလိုက်ခြင်း သည် ရောဂါမပြန့်ပွားရေးအတွက် ခြေလှမ်း တစ်လှမ်း လှမ်းခြင်းဖြစ်ပါကြောင်း၊ ယင်းသို့ လုပ်နိုင်ရန်နှင့် လုပ်ဆောင်ရဲသည့် သတ္တိရှိရန် We Love Yangon ကဲ့သို့အဖွဲ့များ၊ အခြားလူမှု အဖွဲ့အစည်းများနှင့် ပြည်သူများက ဝိုင်းဝန်းကူညီပေးစေလိုပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အတတ်နိုင်ဆုံး လုပ်ဆောင်နေပါကြောင်း၊ နိုင်ငံတော်ကလည်း ပံ့ပိုးပေးမည် ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း လုပ်အားအလှူဒါန၊ ငွေအင်အားဖြင့် ဝိုင်းဝန်းကူညီပံ့ပိုးပေးမည်ဆိုပါက အစိုးရအတွက် တစ်တပ်တစ်အားပင် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ချစ်ကိုဟန် က ရန်ကုန်သူ၊ ရန်ကုန်သားများသည် မည်သည့်အခါမျှ မညံ့ခဲ့ပါကြောင်း၊ မိမိတို့ရန်ကုန်မြို့တွင် ယနေ့ Quarantine ဝင်နေရသူလူဦးရေ (၆၀၀၀) ခန့်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်မှ ပြန်လာသည့် လူဦးရေ ၁၀၀၀ ကို နှစ်ရက်အတွင်း နေရာဖန်တီး ပေးခဲ့ရပါကြောင်း၊ ယခု Contact များလာသည့်အတွက် လူဦးရေ ၁၀၀ဝ ခန့်ကို (၅) ရက် အတွင်း Quarantine Center (၇)ခု အသစ်ဖွင့်လှစ်ပြီး ဆောင်ရွက်ခဲ့ရပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ကျန်းမာရေး ဌာနမှ ဝန်ထမ်းများအပြင် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ဦးနိုင်ငံလင်း၊ ဒေါ်နီလာကျော်တို့ဖြင့် နေ့၊ ညအချိန်မရွေး ဆက်သွယ်ပြီး ဆောင်ရွက်ရပါ ကြောင်း၊ လူဦးရေ ၁၀၀၀ ကျော်၊ ၂၀၀၀ ကျော်အတွက် ရက်ပိုင်းအတွင်း နေရာအခက်အခဲ မဖြစ်စေရန် ဖန်တီးပေးခဲ့ရပါကြောင်း၊ ယင်းသို့ဖန်တီးပေးရာတွင် ယခင် Yangon Standard ကိုမမှီ ခြင်းများလည်းရှိပါကြောင်း၊ ယခင် Quarantine Center လောက်မပြည့်စုံခြင်းများ တွေ့ခဲ့ရသည့်အတွက် ပြည်သူလူထုအနေဖြင့် နားလည်မှု ပေးစေလို ပါကြောင်း၊ Volunteer များအနေဖြင့်လည်း ၅ လ ၆ လခန့်ဆက်တိုက် ဆောင်ရွက်ခဲ့ကြပြီး လုပ်ငန်းခွင်ပြန်ဝင် ကြသူများလည်း ရှိပါကြောင်း၊ ထို့ကြောင့် ထပ်မံ၍ တိုင်းဒေသကြီး Volunteer များအပြင် တိုင်းဒေသကြီး ကြက်ခြေနီအသင်းကို အကူ အညီတောင်းပြီး မင်းဓမ္မ၌ လူဦးရေ ၇၀၀ ရှိ Quarantine Center စီမံခန့်ခွဲနေရပါကြောင်း။

လှိုင် Quarantine Center တွင်လည်းလူဦးရေ ၅၀၀ ခန့်ကို ဆေးတက္ကသိုလ်(၂) ကျောင်းသားသမဂ္ဂမှ လုပ်အားပေးလာရောက်၍ ဆောင်ရွက်ပေးနေပါကြောင်း၊ ရန်ကုန် မြို့မှ တခြားအဖွဲ့အစည်းများကလည်း မိမိတို့ကို ကူညီရန် လာရောက်ဆက်သွယ်ပေး စေလိုပါ ကြောင်း၊ မိမိအနေဖြင့် မြို့သူ၊ မြို့သားများကိုပြောကြားလိုသည်မှာ Contact Tracing ကို ရှာသည့်အခါတွင် ရောဂါပိုးရှိသူနှင့် ထိတွေ့ခဲ့သူ ရပ်ကွက်၌ရှိနေပြီ ဆိုပါက ကြောက်ကြပါ ကြောင်း၊ ၎င်းတို့အနေဖြင့် Quarantine Center သို့ မြန်မြန်ဆန်ဆန် ပို့ဆောင်စေလိုပါ ကြောင်း၊ မိမိတို့အနေဖြင့်လည်း မြန်ဆန်စွာ လက်ခံ လိုသော်လည်း လူ(၄) (၅)ယောက် တစ်ခေါက်လာပြီးနောက် နောက်ရပ်ကွက်တစ်ခုမှ လူ(၄) (၅)ယောက်က တစ်ခေါက်လာ ခြင်းမျိုး ဖြစ်နေပါကြောင်း၊ မိမိတို့ Volunteer များတွင် လူနည်းပါးသည့် အတွက် PPE ဝတ်စုံအပြည့်ဖြင့် ကြိုဆိုနေရာချထားရာတွင် များစွာ ပင်ပန်းပြီး ဝတ်စုံများ လည်း ကုန်ကျပါကြောင်း၊ ထို့ကြောင့် တက္ကသိုလ်ဆေးရုံ အုပ်ကြီး ဒေါက်တာကျော်စွာလွင် နှင့်မိမိတို့အနေဖြင့် အချိန်ကာလကို စုစည်းပါကြောင်း၊ ယနေ့တွေ့ရှိသည့် လူနာများကို မွန်းလွဲပိုင်း (၃)နာရီ (၄)နာရီ တွင်အားလုံးကို တပြိုင်တည်း အချိန်ကိုက်စုစည်း၍ ထားရှိမည့် နေရာကိုရောက်ရှိစေရန် ပို့ဆောင်ပေးပါ ကြောင်း။

ထိုမှသာ လက်ခံရသည့် Volunteer များက အဆင်ပြေပြီး ပင်ပန်းမှုသက်သာမည် ဖြစ်ကာ PPE ဝတ်စုံများလည်း သက်သာမည်ဖြစ်ပါကြောင်း၊ ထို့သို့ အချိန်ကိုက်ရောက်ရှိရန် Ambulance အဖွဲ့များကလည်း အခေါက်ပေါင်းများစွာ တစ်စီးလျှင်လူတစ်ဦးနှုန်းနှင့် မိသားစု ဆိုလျှင် နှစ်ဦးနှုန်းဖြင့် ပို့ဆောင်နေရပါကြောင်း၊ ကိုဗစ်-၁၉ တွေ့ရှိနေသည့်သူများမှာ လည်း ယနေ့တွင် လူဦးရေ ၁၅၀၊ ၁၆၀ ဖြစ်သည့်အတွက် အခေါက်ပေါင်းများစွာ မောင်းနှင်ပေးနေရပါ ကြောင်း၊ အားလုံးက ဝိုင်းဝန်းကူညီကြသည့်အတွက် အောင်မြင်ခြင်း ဖြစ်ပါကြောင်း၊ ယခုအခါ အလှူပစ္စည်းများလည်း နည်းပါးလာပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအနေဖြင့်လည်း Quarantine ဝင်နေသူများ၏ အခြေခံလိုအပ်ချက်များ ရရှိနိုင်ရန် ရုန်းကန် နေရပါကြောင်း၊ ယင်းနေရာတွင် လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ပစ္စည်းတင်သည့် trolley များမှာသတ်မှတ် သည့် အထဲတွင် မပါဝင်ပါကြောင်း၊ မပါသည့် အတွက် အလှူခံရပါကြောင်း၊ ကိုယ်တိုင်လည်း စီမံခန့်ခွဲသကဲ့သို့ လိုအပ်သည့်ပစ္စည်းများ ကိုလည်း ဆက်သွယ် အလှူခံရခြင်းများလည်း လုပ်ရပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်စကား ပြောသည့် icon စကားပြောစက်များ၊ လူနာများနှင့် ဧည့်သည်များ ဆက်သွယ်ရန် အထိုင်ဖုန်းများမှာ မိမိတို့ သတ်မှတ်ချက်များတွင် မပါပါကြောင်း၊ Quarantine ဝင်ရောက်လာသူများထဲမှ တချို့နိုင်ငံ ခြားမှ ပြန်လာသူများတွင် မြန်မာနိုင်ငံတွင်သုံးသည့် Sim Card မပါသည့်အတွက် Sim Card များပေးရပါကြောင်း၊ တစ်ဦးချင်းမပေးနိုင်သည့်တိုင် အခန်းတစ်ခန်းလျှင် နှစ်ယောက်နေပါက နှစ်ယောက် တစ်ကတ်နှုန်း၊ သုံးယောက် တစ်ကတ်နှုန်းဖြင့် ပေးပြီး ၎င်းတို့နှင့်ဆက် သွယ်နိုင်ရန် ၊ မိသားစု ဝင်များအား ဆက်သွယ်နိုင်ရန် ပံ့ပိုးပေးရပါကြောင်း၊ ခြုံပြောရပါက လုပ်ငန်းဆောင်ရွက် ရာတွင် လိုအပ်သည့် ပစ္စည်းများအား မိမိတို့ဘာသာ ရှာဖွေဆောင်ရွက်ပေးရပါကြောင်း၊ ပြည်သူလူထု အားမေတ္တာရပ်ခံလိုသည်မှာ Quarantine Center များသို့ ရောက်သွားပါက သတ်မှတ်ထားသည့် စည်းကမ်းချက်များအား လိုက်နာနေထိုင်ကြစေလိုကြောင်း၊ စည်းကမ်း လိုက်နာလျှင် မည်သူမျှအလုပ်ရှုပ်မည် မဟုတ်ကြောင်း၊ စည်းကမ်းမလိုက်နာပါက Quarantine Center တွင် နေထိုင်သူများ အလုပ်ရှုပ်မည့်အပြင် Volunteer များ အနေဖြင့်လည်း အလုပ်အပိုများ လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ ရံဖန်ရံခါ လုံခြုံရေး ရဲတပ်ဖွဲ့များပင် ဝင်ရောက်ကာ ဖြေရှင်းရသည့်ကိစ္စများလည်း ဖြစ်တတ်ပါကြောင်း၊ တချို့မှာ အိမ်က ပစ္စည်းများပေးပို့လျှင် ခြင်းတောင်းတစ်လုံးစာခန့် အကြီးကြီးပေးပို့ကြ ပါကြောင်း၊ Volunteer များမှာ ယင်းပစ္စည်းများအား Quarantine ဝင်ရောက်သူများထံ အရောက်ပေးပို့ ပေးရပါကြောင်း၊ အရက်သောက်တတ်သူများ၊ ဆေးလိပ်သောက်တတ်သူ များပါလျှင် ခိုး၍ ထည့်ပေးကြ ပါကြောင်း၊ မိမိတို့အနေဖြင့် ဖွင့်ဖောက်ပြီးစစ်သည့်အတွက် ယင်းသို့ မလုပ်ကြရန် မေတ္တာရပ်ခံ ပါကြောင်း၊ ရန်ကုန်တွင်လူဦးရေများသည့်အတွက် အခက်အခဲ၊ စိန်ခေါ်မှုများ၊ ဝန်ထုပ်ဝန်ပိုး များပြားပါကြောင်း၊ ထို့ကြောင့် ယခု ၂ ပတ်၊ ၃ ပတ်ခန့် Stay Home ကာလအား တင်းတင်းကျပ်ကျပ် ဆောင်ရွက်မည်၊ မလိုလားအပ်သည့် လုပ်ငန်းများမလုပ်ဘဲ မိမိတို့ အိမ်တွင် တိတိကျကျ နေထိုင်လိုက်ကြမည်ဆိုပါက ရှေ့ကပြေး နေသည့် ရောဂါအား ဟန့်တားနိုင် မည်ဖြစ်ပါကြောင်း၊ နောက်ကလိုက်နေသည့် ကျန်းမာရေး ဝန်ထမ်းများမှာ တက်စုံ၊ ရွက်ကုန်ဖွင့်ကာ လိုက်နေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ရှေ့က ပြေးနေသည့် ရောဂါအား အနည်းငယ်ဟန့်တားနိုင်လျှင် ဝန်ထုပ်ဝန်ပိုးများ လျော့ကျသွားရန်အတွက် Quarantine ကာလအား ၁၄ ရက်အဖြစ် လျော့ချပေးရန် ဝန်ကြီးဌာနမှ စီစဉ်နေ သည်ဟု သိရှိရပါ ကြောင်း၊ နိုင်ငံတကာအတွေ့အကြုံအရလည်း ၁၄ ရက်ဆိုပါက လုံလောက် သည့် အနေအထားရှိသည်ဟု သိရပါကြောင်း၊ ယင်းနှစ်ခုကို ဟန်ချက်ညီအောင် ဆောင်ရွက် နိုင်မည်ဆိုပါက ရန်ကုန်တွင် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်မည်ဟု တင်ပြလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ် အမှာစကားပြောကြားရာ (၁၄) ရက်ဆိုသည့် ကိစ္စကို အများနားလည်ရန် ရှင်းပြလို ပါကြောင်း၊ အစောပိုင်း ကိုဗစ်-၁၉ စတင်ဖြစ်ပွားသည့်အချိန်က (၁၄)ရက်ဆို ပြီး သတ်မှတ်ပါကြောင်း၊ နောက်ပိုင်းတွင် (၁၄)ရက် Quarantine ထားရှိ ပြီးမှ ရောဂါပိုးတွေ့ရှိသူ ရှိသည့်အတွက် မလုံလောက်၍ (၂၁)ရက် ဟု သတ်မှတ်ပါကြောင်း၊ ယခု အချိန်တွင် (၁၄)ရက် လျှော့ရန် လက်ခံရခြင်းမှာ စမ်းသပ်မှုများတွင် ရောဂါပိုးသည် (၁၄)ရက်ကြာပြီးနောက် အခြားသူကို မကူးစက်ကြောင်း ကို တွေ့ရှိ ရသည်ဟု နားလည်ပါကြောင်း၊ ရောဂါပိုး မရှိခြင်းမဟုတ်ပါ ကြောင်း၊ သို့သော် ယင်းရောဂါသည် အခြားသူသို့ ကူးစက်နိုင်သည့် အဆင့် မဟုတ်ပါကြောင်း၊ နိုင်ငံတကာ ကျန်းမာရေးအဖွဲ့များက ထိုသို့ တွေ့ရှိထားသည့် အတွက် အပြင်မှာ သွားလာနေသည်မှာ ပြဿနာမဖြစ်နိုင်ပါကြောင်း၊ နှစ်ပတ်သာ ထားရှိမည်ဆိုလျှင် Quarantine နေရာများလည်း ပိုမိုအဆင့်သင့် ဖြစ်ပြီး လိုအပ်သည့်နေရာများအတွက် ပိုမိုလစ်လပ်သွားမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းများအတွက် ယင်းအခြေအနေကို ပိုမို ကိုင်တွယ်နိုင်မည်ဟု ခန့်မှန်းပြီး ထိုသို့ စဉ်းစားခြင်းဖြစ်ပါကြောင်း၊ စိတ်ချရသည်ဆိုမှသာ လုပ်ဆောင်မည်ဖြစ်ပါ ကြောင်း၊ စိတ်ချရသည်မှာ ၉၀ ရာခိုင်နှုန်းကျော် ရှိပါကြောင်း၊ မကြာမီအချိန်တွင် တရားဝင်အသိပေး သွားမည်ဖြစ်ပါကြောင်း။

Video Conferencing ဖြင့် ဆွေးနွေးမှုများကို နိုင်ငံတော် သတင်းစာများနှင့် ရုပ်မြင်သံကြားများတွင် ထည့်သွင်းဖော်ပြပါကြောင်း၊ မိမိ အနေဖြင့် စဉ်းစားသည်မှာ ဒေါက်တာ ချစ်ကိုဟန် ဆွေးနွေးသွား သည့်အချက်များကိုသာ ကောက်နုတ်၍ ရန်ကုန်အတွက် မည်သည့်အရာများ လိုအပ်သည်၊ မည်သည့်အရာများ ဖြစ်စေချင်သည်ဆို သည့် အချက်များကိုထုတ်၍ သတင်းစာများတွင် သီးခြားဖော်ပြပေးမည်ဖြစ်ပါကြောင်း၊ ရုပ်မြင်သံကြားတွင်လည်း ယင်း အချက်များကို တင်ပြီး ပြည်သူများလွယ်လွယ်ကူကူဖြင့် မြင်နိုင်ရန် ဖော်ပြသွားမည် ဖြစ်ပါကြောင်း၊ စေတနာအရ ပံ့ပိုးပေးချင်လျှင် ပံ့ပိုးပေးနိုင် ရန်ဖြစ်ပါကြောင်း၊ နောက်ဆုံး တွင် အခြားနည်းဖြင့် ပံ့ပိုးမပေးနိုင်သော်လည်း မိမိစည်းကို စောင့်ခြင်းအားဖြင့် ပံ့ပိုးပေး နိုင်သည်ကို မြင်နိုင်ရန်ဖြစ်ပါကြောင်း၊ Quarantine သို့ရောက်မှ စည်းမျဉ်းစည်းကမ်းကို မလိုက်နာဘဲ ပြသနာရှာခြင်းမျိုး မလုပ်သင့်ပါကြောင်း၊ ယင်းကို ရှောင်ခြင်းအားဖြင့် ကူညီရာ ရောက်ပါကြောင်း၊ တခြားနည်းဖြင့် မကူညီနိုင် လျှင်လည်း ထိုနည်းဖြင့် အနည်းဆုံးကူညီပါဟု ပြည်သူများကို မေတ္တာရပ်ခံလိုပါကြောင်း၊ မိမိစည်းကို မိမိစောင့်ခြင်းဖြစ်ပါ ကြောင်း၊ အရက်သောက်ချင်သူကို အရက်ခိုးပြီး မတိုက်စေလိုကြောင်း၊ မဟုတ်သည့်နေရာတွင် မေတ္တာမပိုစေ လိုပါကြောင်း၊ မည်သူကိုမျှ အကျိုးမပြုပါကြောင်း၊ ယင်းကိစ္စများကို ရှောင်ကြရမည်ဖြစ်ပါကြောင်း။

မိမိတို့အားလုံး ဝိုင်းဝန်းဆောင်ရွက်မည်ဆိုပါက ကိုဗစ်ရောဂါကို ထိန်းချုပ်နိုင်ပါ ကြောင်း၊ ယခုအချိန်တွင် ထိန်းချုပ်ရန် အားလုံးကြိုးစားမည်ဆိုပါက (၃)ပတ်ခန့်အတွင်း ပိုမို၍ အသက်ရှုချောင်လာနိုင်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများ၊ ရန်ကုန်သူ၊ ရန်ကုန်သားများ အနေဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြစေလိုပါကြောင်း၊ ရန်ကုန်မြို့တွင် ကိုဗစ်ရောဂါ ထိန်းချုပ်ရန် အထူးလိုအပ်နေပါကြောင်း၊ ပြည်သူ့အင်အားကို အမြဲတမ်းယုံကြည်ပါကြောင်း၊ ပြည်သူသာလျှင် အဓိကဆိုသည်မှာ စကားအရမဟုတ်ဘဲ အလုပ်အရ တွေးထားသည့်ကိစ္စ ဖြစ်ပါကြောင်း၊ တကယ့်ကို ပြည်သူသည် အဓိကကျပါကြောင်း၊ ပြည်သူပါဝင်မှ မည်သည့် လုပ်ငန်းမဆို အောင်မြင်နိုင်ကြောင်းကို မိမိတို့ အတွေ့အကြုံအရ သိရှိပါကြောင်း၊ ထို့ကြောင့် ပြည်သူများပါဝင်ကြပါ၊ ပြည်သူများအနေဖြင့် မိမိတို့ဘဝအတွက်၊ မိမိနိုင်ငံအတွက် ဝိုင်းဝန်း ကူညီကြစေလိုပါကြောင်း ပြောကြားသည်။