Submitted by admin on Mon, 09/07/2020 - 14:53

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံနေ့အထိမ်းအမှတ်အဖြစ် အာဆီယံသံအမတ်ကြီးများအား video conferencing စနစ်ဖြင့် လက်ခံတွေ့ဆုံ၍ COVID-19 ကူးစက်ရောဂါတိုက်ဖျက်ရေး ကြိုးပမ်းမှုများဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၄

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် (၅၃) ကြိမ်မြောက် အာဆီယံနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ရှိ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် ယနေ့နံနက် ၁၀ နာရီတွင် video conferencing စနစ်ဖြင့် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံပြီး COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ သတင်းအချက်အလက်များနှင့် အတွေ့အကြုံများကို အပြန်အလှန် ဆွေးနွေး ဖလှယ်ခဲ့ကြသည်။

အဆိုပါ video conference သို့ အာဆီယံနိုင်ငံများဖြစ်ကြသည့် ဗီယက်နမ်၊ ကမ္ဘော ဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနိုင်ငံတို့မှ သံအမတ်ကြီး များနှင့် ဘရူနိုင်းနိုင်ငံမှ သံရုံးယာယီတာဝန်ခံတို့ ပါဝင်တက်ရောက်ဆွေးနွေးကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် COVID-19 ကူးစက်ရောဂါကြောင့် နှစ်စဉ်ကျင်းပသည့် အာဆီယံနေ့အထိမ်းအမှတ်အခမ်းအနားကို ယခုနှစ်တွင် ကျင်းပနိုင်ခြင်းမရှိသော်လည်း ယနေ့ကျင်းပသည့် ဗီဒီယို ကွန်ဖရင့်မှ တွေ့ဆုံမှုက အာဆီယံ၏စည်းလုံးညီညွတ်ပြီး၊ အတူတကွပေါင်းစည်းသည့် အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းနိုင် စေခဲ့ကြောင်း၊ အာဆီယံ၏ပုံရိပ်ကို မြှင့်တင်ရာတွင်လည်းကောင်း၊ အာဆီယံပြည်သူများအကြား ပေါင်းစည်းညီညွတ်မှုကို ဖော်ဆောင်ရာတွင်လည်းကောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးတွင်ရှိသည့် အာဆီယံသံရုံးများ၏ အရေးပါမှုကို အသိအမှတ် ပြုကြောင်း၊ မြန်မာနိုင်ငံသားများ နေရပ်သို့ ပြန်နိုင်ရေးအတွက် ကယ်ဆယ်ရေးလေယာဉ်များ မြန်မာအစိုးရမှ စီစဉ်ဆောင်ရွက်ရာတွင် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ပေးကြသည့် အတွက် ရန်ကုန်မြို့အခြေစိုက် အာဆီယံသံရုံးများအား ကျေးဇူးတင်ရှိကြောင်း၊ COVID-19 ကူးစက်ရောဂါကြောင့် စိန်ခေါ်မှုများ ရင်ဆိုင်နေရသည့်ကာလတွင် အာဆီယံဥက္ကဋ္ဌတာဝန်ကို စံနမူနာပြုထိုက်စွာ ထမ်းဆောင်သည့် ဗီယက်နမ်၏အခန်းကဏ္ဍကို ချီးကျူးဂုဏ်ပြုကြောင်း၊ ကမ္ဘာ့ကပ်ရောဂါကို စုပေါင်းတုံ့ပြန်ကြရာတွင် “COVID-19 ကူးစက်ရောဂါတုံ့ပြန်ရေးတွင် ကုန်စည်များစီးဆင်းနိုင်မှု ချိတ်ဆက်ဆောင်ရွက်နိုင်ရေးနှင့် အာဆီယံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး ဟနွိုင်းလုပ်ငန်းစဉ်” ကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး အတွက် အတူတကွ ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အစိုးရအနေဖြင့် ကူးစက်ရောဂါကို အချိန်မီတုံ့ပြန်ဆောင်ရွက်ပြီး အခြေအနေကို ပြည်သူများထံသို့ အချိန်နှင့် တစ်ပြေးညီ အသိပေးလျက်ရှိသကဲ့သို့ လက်ရှိအခြေအနေအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် (၇) မြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ် (၅) မြို့နယ်တို့တွင် “နေအိမ်တွင် နေထိုင်ရေးအစီအစဉ်”များကို ချမှတ်ခဲ့ကြောင်း၊ နိုင်ငံတကာခရီးသွားများ မြန်မာနိုင်ငံသို့ ဝင်ရောက်မှုကို ကန့်သတ်ခြင်းနှင့် ပြည်ဝင်ဗီဇာထုတ်ပေးမှု ယာယီကန့်သတ်ထားရှိခြင်းတို့ကို စက်တင်ဘာလ ကုန်ပိုင်းအထိ တိုးမြှင့်ထားကြောင်း၊ အစိုးရအနေဖြင့် “မည်သူတစ်ဉီး တစ်ယောက်မျှ မကျန်ရစ်စေရေးမူ” ကို ကျင့်သုံးလျက် IDP များ၊ မသန်စွမ်းသူများအပါအဝင် ထိခိုက်လွယ်သည့် လူ့အဖွဲ့အစည်းများအတွက် အဓိကရည်ရွယ်သည့် လုပ်ငန်းစဉ်တစ်ရပ်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် အာဆီယံသံအမတ်ကြီးများက ၎င်းတို့၏ နိုင်ငံရှိ COVID-19 ကူးစက်ရောဂါ ဆိုင်ရာ နောက်ဆုံးအခြေအနေများနှင့် ကူးစက်ရောဂါ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်း ရာတွင် ၎င်းတို့အစိုးရအသီးသီး၏ ကြိုးပမ်းဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြ သည်။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အာဆီယံသံအမတ်ကြီးများက COVID-19 ကူးစက်ရောဂါ တုံ့ပြန်ရေးဆိုင်ရာ သတင်းအချက်အလက်များ၊ အတွေ့အကြုံများနှင့် အလေ့အထကောင်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ယင်းသို့ ဆွေးနွေးကြရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စိန်ခေါ်မှုများကို ရင်ဆိုင် ကျော်လွှားနိုင်ရန်အတွက် ပြည်သူတစ်ဦးချင်းအနေဖြင့် ချမှတ်ထားသည့် စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်း များကို တိကျစွာလိုက်နာရန် အရေးကြီးကြောင်း၊ အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရသည့် ကာလတွင် စားနပ်ရိက္ခာ၊ ဆေးဝါးများနှင့် အရေးပေါ်သုံးပစ္စည်းများအပါအဝင် မရှိမဖြစ်လိုအပ် သည့် ကုန်ပစ္စည်းများ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်နိုင်စေရန် လိုအပ်ကြောင်း၊ COVID-19 ကူးစက်ရောဂါကို တုံ့ပြန်ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် ကျေနပ်အားရကြောင်း၊ COVID-19 အလွန်ကာလကို COVID-19 မတိုင်မီကာလထက် သာလွန် ကောင်းမွန်စေရေးအတွက် အတူတကွ ဆက်လက်ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း လိုကြောင်း ပြောကြားသည်။