Submitted by admin on Mon, 09/07/2020 - 14:35

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်အတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေသူများနှင့် အပြန်အလှန်ဆွေးနွေး

နေပြည်တော် ဩဂုတ် ၂၈

Coronavirus Disease 2019(COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ရခိုင်ပြည်နယ်အတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ ရခိုင် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှ စစ်တွေမြို့သို့ ရောက်ရှိနေသည့် Volunteer စောသော်မိုးအယ်တို့နှင့် ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ လက်တွေ့အခြေအနေများကို အပြန်အလှန် ဆွေးနွေးသည်။

ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် က နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် ပြည်ထောင်စု၏ မည်သည့် နေရာတွင် ဖြစ်ပွားသည်ဖြစ်စေ ပြည်ထောင်စုနှင့်သက်ဆိုင်ပါကြောင်း၊ မိမိတို့ နိုင်ငံ မည်သည့်နေရာတွင် နာကျင်သည်ဖြစ်စေ ပြည်ထောင်စုတစ်ခုလုံး နာကျင်ခြင်းဖြစ်ပါကြောင်း၊ ယင်းစိတ်ဓာတ်ဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဆောင်ရွက်မှုကို ချဉ်းကပ်ပါကြောင်း၊ မည်သည့်နေရာဟု ခွဲခြားခြင်းမရှိပါကြောင်း၊ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံသားများသည် မြဝတီဘက်မှ ပြန်လည်ဝင်ရောက်လာမှု အများဆုံးဖြစ်ပါကြောင်း၊ ကရင်ပြည်နယ်ဟု ဆိုသော်လည်း ကရင်ပြည်နယ်ပြည်သူလူထုက ယင်းကိစ္စကို ခွဲခြား ရပ်တည်ဆက်ဆံခြင်း မရှိပါကြောင်း၊ မိမိတို့ ပြည်သူများပြန်လည် ဝင်ရောက်လာခြင်း ဖြစ်သည်ဆိုပြီး အားလုံးက တတ်အားသမျှ ဝိုင်းဝန်းကူညီကြပါကြောင်း၊ ၎င်းတို့အတွက် အတိုင်းအတာတစ်ခုအထိ စိုးရိမ်စိတ်နှင့် အခက်အခဲများရှိသော်လည်း ယင်းကိစ္စများကို အားလုံးကျော်လွှားနိုင်ခြင်းသည် ပြည်ထောင်စုစိတ်ဓာတ်ဖြစ်သည်ဟု မိမိအနေဖြင့် ယူဆပါကြောင်း။

ယခုအချိန်တွင် မိမိတို့အနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့်ပြဿနာများသည် များပြားပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ARSA အကြမ်းဖက်အဖွဲ့က စတင်တိုက်ခိုက်မှုများရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်တွင် စိန်ခေါ်မှုများစွာရင်ဆိုင်ခဲ့ရပါကြောင်း၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် AA အဖွဲ့၏ စတင်တိုက်ခိုက်မှုများကြောင့် စိန်ခေါ်မှုများပိုမိုရင်ဆိုင်ခဲ့ရပါကြောင်း၊ ပြည်သူများ လည်း များစွာ ဒုက္ခရောက်ခဲ့ကြပါကြောင်း၊ တိုက်ပွဲများဖြစ်သည့်အခါ အပြစ်မဲ့ပြည်သူများ ထိခိုက်ကြရပါကြောင်း၊ မိမိတို့ ပြည်သူများကို ကာကွယ်ရန်အတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်ရပါကြောင်း၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဆက်စပ်နေသည်မှာ လူမှုအသိုင်းအဝိုင်း လုံခြုံရေးဖြစ်ပါကြောင်း၊ ယင်းကိစ္စတွင် ကျန်းမာရေးလည်း ပါဝင်ပါကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေရမည်ဆိုပါက လူမှုအသိုင်း အဝိုင်းတွင် လုံခြုံမှု မရှိနိုင်သည့်အတွက် တစ်ချိန်လုံးစိုးရိမ်နေရပါကြောင်း၊ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများ ထပ်တလဲလဲ ထုတ်ပြန်သတိပေးထား ပါကြောင်း၊ ပထမပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပီပြင်သည့် အစီအစဉ်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများ၏ ဆောင်ရွက်ချက်များကြောင့် ကိုဗစ်-၁၉ ရောဂါကို ထိထိရောက် ရောက်ထိန်းသိမ်းနိုင်ပါကြောင်း။

ရခိုင်ပြည်နယ်တွင် ရောဂါမပြန့်ပွားခင် တစ်လကျော်အထိ ပြည်တွင်းကူးစက်မှုမရှိဟု ပြောရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ထိန်းသိမ်းနိုင်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်နှင့် ပတ်သက်၍လည်း မိမိတို့အနေဖြင့် အရေးပေါ်စီမံကိန်းများ ချမှတ်ထားပြီးဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဖြစ်ပွားသည့်အခါ ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်မှုများ လုပ်ဆောင် လျက်ရှိပါကြောင်း၊ ထိုသို့လုပ်ဆောင်ချက်များတွင် အရေးအကြီးဆုံးကိစ္စသည် ရောဂါ မပြန့်ပွားရေးဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ ပြည်သူများကို အပြင်မထွက်ကြရန် ပြောကြားသည်မှာ ဒဏ်ပေးခြင်းမဟုတ်ပါကြောင်း၊ တစ်နိုင်ငံလုံးသို့ ရောဂါပြန့်ပွားသွားလျှင် အားလုံးကို ထိထိရောက်ရောက် စောင့်ရှောက်မှုပေးရန် များစွာခက်ခဲပါကြောင်း၊ တစ်နေရာထဲတွင် စောင့်ရှောက်မှုပေးရသည်မှာ ပိုမိုထိရောက်လွယ်ကူပါကြောင်း၊ မိမိတို့တွင် ရှိသည့် အရင်းအမြစ်များဖြင့် ပို၍ ပိုင်ပိုင်နိုင်နိုင် လုပ်ဆောင်နိုင်ပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်မှ ပြင်ပသို့ မသွားရောက်ကြရန် ပိတ်ပင်ထားခြင်းသည် ရောဂါရှိသူများကို ခွဲခြားဆက်ဆံခြင်း မဟုတ်ပါကြောင်း၊ ထိထိရောက်ရောက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးနှင့် အုပ်ချုပ်မှုအရ စီမံမှုပေးနိုင်ရန် ဖြစ်ပါကြောင်းပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးညီပုက တစ်နိုင်ငံလုံးက ရခိုင်ပြည်နယ်၏အရေးကို အမြဲပူးပေါင်းပြီး ပါဝင်ဖြည့်ဆည်းကူညီဆောင်ရွက်ပေးကြသည်ကို ကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်၍လည်း ကူညီဆောင်ရွက်ပေးကြမည်ဟု မျှော်လင့်ပါ ကြောင်း၊ ရခိုင်ပြည်နယ်တွင် မတူညီသည့် လူ့အသိုက်အဝန်းနှစ်ခု အတူ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်ရေးကို အဓိကထားပါကြောင်း၊ ယခုကဲ့သို့ အရေးကြီးသည့် ကမ္ဘာ့ကပ်ရောဂါ ပေါ်ပေါက်လာချိန်တွင် ပို၍သတိထားဆောင်ရွက်ရပါကြောင်း၊ ပဋိပက္ခနှင့် အခက်အခဲများကို စိန်ခေါ်မှုများအဖြစ် ခံယူပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုအခြေနေတွင် IDP စခန်းများ၊ တိုက်ပွဲရှောင်စခန်းများတွင် လူဦးရေများပြားနေသည့်အပြင် ယခုကပ်ရောဂါသည် ကူးစက်မှုအလွန်မြန်ဆန်သောကြောင့် စိုးရိမ်ပူပန်မှုများရှိပါကြောင်း၊ ရခိုင်ပြည်နယ်၏ အနေအထားသည် ဘဏ္ဍာငွေတောင့်တင်းမှု မရှိပါကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ ကော်မတီတစ်ရပ်အမြန်ဆုံးဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ အရေးပေါ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီကို ရပ်ကွက်၊ ကျေးရွာအဆင့်အထိ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အောက်ခြေအဖွဲ့များက အဝင်အထွက်များကိုလည်း ထိန်းသိမ်းဆောင်ရွက်နေပါကြောင်း၊ အထူးသဖြင့် စစ်တွေမြို့တွင် ရောဂါကူးစက်မှုဖြစ်ပွားနေသည့် ဈေးကိုလည်း ထိန်းသိမ်း ဆောင်ရွက်နေသည့်အတွက် စိုးရိမ်မှုများလျော့ပါးလာမည်ဟု ယူဆပါကြောင်း။

စိုးရိမ်ပူပန်မှုများရှိသော်လည်း ညီညီညွတ်ညွတ်နှင့်ဆောင်ရွက်သွားမည်ဆိုပါက ယခု အနေအထားမှ ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ရောဂါပြန့်ပွားမှုမြန်ဆန်သော ကြောင့် ရခိုင်ပြည်နယ်ကို ကန့်သတ်၍ အပြင်မထွက်ရအမိန့် ထုတ်ပြန်ပြီး အခြားဆက်စပ် နေသော တိုင်းဒေသကြီးများဖြစ်သည့် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းများမှ ပိတ်ပင် ကန့်သတ်မှုများပြုလုပ်သောကြောင့် ကုန်စည်စီးဆင်းမှု မရှိ၍ ရိက္ခာပြတ်လပ်မှုဖြစ်ပွား မည်ကို စိုးရိမ်ပူပန်မှုများ ရှိပါကြောင်း၊ ယင်းစိုးရိမ်မှုနှင့် အခက်အခဲများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အနေဖြင့် အမြန်ဆုံးကူညီဖြေရှင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ ထို့ပြင် Quarantine Centre များ၊ ပြည်သူများကို ထောက်ပံ့နေရခြင်းများရှိပါကြောင်း၊ ၎င်းအပေါ် ငွေကြေးလိုအပ်ချက်များရှိနေပါကြောင်း၊ ယခုရန်ပုံငွေကျပ် ၈၅ ဒသမ ၅ သန်းရရှိထားပါ ကြောင်း၊ အရေးပေါ်ရန်ပုံငွေကျပ် ၁ ဘီလီယံကိုတင်ပြ တောင်းခံထားပါကြောင်း၊ ဘဏ္ဍာငွေ တင်ပြတောင်းခံထားမှုနှင့်ပတ်သက်၍ ခွင့်ပြုပေးစေလိုပါကြောင်း။

ကိုဗစ်နှင့်ပတ်သက်၍ ငွေကြေးသုံးစွဲထားမှုအနေဖြင့် ပြည်ထောင်စုအစိုးရမှ ငွေကျပ် ၁၄ ဒသမ ၈ ဘီလီယံ ၊ ပြည်နယ်အစိုးရအဖွဲ့မှ ၁ ဒသမ ၅၆၆ ဘီလီယံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ငွေကျပ် ၃၁၁ ဒသမ ၄ သန်းခန့် သုံးစွဲထားပြီး စုစုပေါင်း ၁၆ ဒသမ ၇ ဘီလီယံအသုံးပြုထားပါကြောင်း၊ ယခုငွေကြေးများဖြင့် ကျန်းမာရေးအတွက် လိုအပ်သောပစ္စည်းများ၊ အခြားလိုအပ်သည့်နေရာများတွင် အသုံးပြု ထားပါကြောင်း၊ ယခုကာလကို အမြန်ဆုံးကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ပြည်သူများကိုလည်း ယုံကြည်စိတ်ချစွာဖြင့် ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊ ရခိုင် ပြည်နယ်၏ အနေအထားသည် ထူးခြားသည့်အနေအထားဖြစ်သည့်အတွက် ယခုအခြေအနေ အပေါ်တွင် အားလုံးဝိုင်းဝန်းပူးပေါင်းကာ မှန်မှန်ကန်ကန်စဉ်းစားသုံးသပ်ပြီး ညီညီညွတ်ညွတ် ဆောင်ရွက်ရေးသည် အရေးကြီးဆုံးဟု ထင်မြင်ပါကြောင်း ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှ စစ်တွေမြို့သို့ရောက်ရှိနေ သည့် Volunteer စောသော်မိုးအယ် က တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း အမှန်တကယ် အကူအညီလိုအပ်နေသည့်အချိန်ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်သို့ လာရောက် ကူညီပေးခြင်းဖြစ်ပါကြောင်း၊ မိမိသည် Quarantine Center ၄ ခုတွင် တာဝန်ထမ်းဆောင်ခဲ့ပါကြောင်း၊ ယခုဒေသသည် အကူအညီအမှန်တကယ်လိုအပ်ပြီး အားနည်းသည့် အပိုင်းများလည်းရှိပါကြောင်း၊ ယခင် Camp မှ အတွေ့အကြုံများကို တင်ပြ လိုပါကြောင်း၊ ပထမအချက်အနေဖြင့် Quarantine ဝင်သူများ စည်းကမ်းလိုက်နာမှု အားနည်းခြင်းသည် အဓိကစိန်ခေါ်မှုဖြစ်ပါကြောင်း၊ Camp ကို ထောက်ပံ့ပေးသည့် ကာကွယ်ရေးပစ္စည်းများ တစ်ခါတစ်ရံ အချိန်မီရောက်မလာပါကြောင်း၊ တစ်ရက်နောက်ကျ သွားသည်ဆိုသော်လည်း မိမိတို့ အမှန်တကယ်လုပ်ကိုင်နေသူများအတွက် များစွာ အခက်အခဲဖြစ်ပါကြောင်း၊ ထို့ကြောင့် များစွာစိုးရိမ်ပါကြောင်း၊ ရန်ကုန်ကဲ့သို့ နေရာတွင် နောက်ကျခြင်းများ ကြုံရသည့်အတွက် ယခုဒေသသည် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ကြုံရနိုင်ခြေရှိမည်ဟု မိမိတို့ မျှော်မှန်းထားပါကြောင်း။

မိမိတောင်းဆိုလိုသည်မှာ အကာအကွယ်ပစ္စည်းများ အချိန်မီရောက်ရန်နှင့် ရောက်သည့်ပစ္စည်းများ အရည်အသွေးပြည့်မီရန် ဖြစ်ပါကြောင်း၊ Quarantine ဝင်နေသူ များသည် စည်းကမ်းမလိုက်နာမှုထက် ကျန်းမာရေးအသိပညာအားနည်းမှုဟု မိမိမြင်ပါ ကြောင်း၊ ကျန်းမာရေးအသိပညာ အားနည်းသည့်အတွက်ကြောင့် မဆင်မခြင် နေထိုင်မှု များကို ကြုံတွေ့နေရပါကြောင်း၊ စည်းကမ်းမလိုက်နာပါက မိမိတို့ Quarantine Center လုပ်သည့် ရည်ရွယ်ချက်သည် အောင်မြင်မည် မဟုတ်ပါကြောင်း၊ Quarantine ဝင်နေသူများ ပူးပေါင်း ပါဝင်နိုင်ရန်အတွက် မိမိတို့တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားနေပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ယခုလက်ရှိလုပ်ကိုင်နေသည့် စေတနာ့ဝန်ထမ်းအဖွဲ့များသည် စစ်တွေမြို့အနီး Quarantine ၁၃ ခုတွင် တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ ထို ၁၃ ခု အနက်မှ မိမိတို့ ဝင်ပေးရမည်မှာ ၆ ခု ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် Quarantine ၆ ခုရှိ Volunteer ၉၅ ရာခိုင်နှုန်းသည် အစိုးဌာနအကြီးအကဲများ ဦးဆောင်သည့် ဝန်ထမ်းများနှင့် လုပ်ဆောင်နေရခြင်းဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းသီးသန့်သည် ၅ ရာခိုင်နှုန်းသာ ဖြစ်ပါကြောင်း၊ အခြားသူများသည် ရုံးအဖွဲ့အစည်းမှ လုပ်ကိုင်နေခြင်းဖြစ်သည့်အတွက် အခက်အခဲများရှိပါကြောင်း၊ ရခိုင်ပြည်နယ်တွင် Volunteer အဖြစ်ဆောင်ရွက်လိုသည့် ညီအစ်ကိုမောင်နှမများ ပါဝင်လာအောင် ထပ်မံ၍ တိုက်တွန်းပေးစေလိုပါကြောင်း၊ ဒေသခံများ ပူးပေါင်းပါဝင်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ ကူညီပေးနိုင်သည်မှာ များစွာ ရှိသော်လည်း တချို့နေရာများတွင် ဘာသာစကားအခက်အခဲ ရှိပါကြောင်း၊ ဒေသခံများ ပူးပေါင်းလုပ်ဆောင်မည်ဆိုပါက အဆင်ပြေမည်ဖြစ်ပါကြောင်း၊ လက်ရှိ Quarantine များတွင် လူတစ်ဦးအတွက် တစ်နေ့တာ စားစရိတ် ၃၀၀၀ ပေးပါကြောင်း၊ ယင်း ၃၀၀၀ သည် စစ်တွေမြို့အနေဖြင့် များစွာခက်ခဲပါကြောင်း၊ ငွေကျပ် ၃၀၀၀ နှင့် ရှေ့ဆက်သွားမည်ဆိုပါက CSO အဖွဲ့နှင့် အခြားအရပ်ဖက်အဖွဲ့အစည်းများ ရေရှည်ခံနိုင်မှုတွင် အနည်းငယ် ပြဿနာရှိနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် စားရေးသောက်ကိစ္စများအတွက် ငွေကျပ် ၅၀၀၀ ပေးမည်ဆိုပါက Volunteer အဖွဲ့အစည်းများ အဆင်ပြေသွားမည်ဖြစ်ပါကြောင်း၊ သောက်သုံးရေ ရှားပါးသည့်အတွက် Quarantine များတွင် သောက်သုံးရေရရှိရန် တာဝန် ရှိသူများက ထောက်ပံ့ပေးမည်ဆိုပါက ပိုမိုလွယ်ကူမည်ဖြစ်ပါကြောင်း၊ အရပ်ဖက် အဖွဲ့ အစည်းများ ကူညီပေးသည်ကိုလည်း များစွာကျေးဇူးတင်ရှိပါကြောင်း ဆွေးနွေး တင်ပြသည်။

ယင်းနောက် ရခိုင်ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုင်းဝင်းဇော်လှိုင် က ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားစာများကို အချိန်နှင့်တစ်ပြေးညီ ဗီဒီယိုကွန်ဖရင့်ဖြင့် သတိပေးပါ ကြောင်း၊ ပြည်သူလူထု သိရှိရန်လိုအပ်မည့် သတင်းအချက်အလက်များကို လက်ကိုင်စပီကာ များဖြင့် ကြေညာပါကြောင်း၊ လက်ကမ်းပိုစတာများကို ရခိုင်တိုင်းရင်းသားများနှင့် IDP စခန်း များသို့ ရောက်ရှိအောင် ဖြန့်ဝေခဲ့ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ မရှိမဖြစ်လိုအပ်သည့် အကာအကွယ်ပစ္စည်းများနှင့် အသိပညာပေးပစ္စည်းများလစဉ်ထောက်ပံ့ပေးပါကြောင်း။

မြန်မာနိုင်ငံတွင် ရောဂါပိုးစတင်တွေ့ရှိသည့်အချိန်မှစ၍ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ပါကြောင်း၊ နေရာဒေသအနေအထားနှင့် အကူအညီရရှိမှု အပေါ်မူတည်၍ မိတ်ဖက်အဖွဲ့အစည်းများဖြင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း၊ LED Board ဖြင့် လက်ဆေးသည့် ဗီဒီယိုများနှင့် သီချင်းများကို ပြည်သူများအကြား တွင် သိသာအောင် တစ်ရက်လျှင် နှစ်ကြိမ် ဖွင့်လှစ်ပြသခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် မိတ်ဖက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ Health Cluster အစည်းအဝေးများကို လစဉ် ကျင်းပပါကြောင်း၊ ရုံးပိတ်ရက်ရှည်ကာလတွင် Sample များ ရန်ကုန်သို့ သယ်ယူပို့ဆောင်ရေး အတွက် မိတ်ဖက်အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေး၍ ကားလမ်းကို အသုံးပြုကာ စီစဉ်ဆောင်ရွက်ရေး ဆုံးဖြတ်ခဲ့ပါကြောင်း၊ ယင်းဆုံးဖြတ်ချက်ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်ခဲ့ပါကြောင်း၊ ပထမဆုံး Sample ကို ပိုလီယိုပပျောက်ရေး စီမံကိန်းမှ ကားဖြင့် ရန်ကုန်သို့ ပို့ဆောင်သည့်အခါတွင် ကားသမားနှင့် ကျန်းမာရေးဝန်ထမ်း များ ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ပါကြောင်း၊ ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့တို့ တိုင်ပင်ဆွေးနွေး၍ လေယာဉ်ဖြင့် ပို့ဆောင်နိုင်ရန် စီမံဆောင်ရွက်နိုင် ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် သံသယလူနာရှိလာသည့်အချိန်တွင် ပြည်သူလူထုအားအသိ ပေးခြင်းနှင့် သတင်းထုတ်ပြန်ခြင်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မတ်လ၊ ဧပြီလနှင့် မေလများတွင် Social Distancing ကိစ္စ များနှင့် လူစုလူဝေးမဖြစ်ပေါ် စေရေးကိစ္စများကို ပိုမိုအားစိုက်ဆောင်ရွက်ခဲ့ပြီး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကိုလည်း ရရှိခဲ့ပါကြောင်း၊ သို့သော် ကာလကြာရှည်လာသည်နှင့်အမျှ စည်းကမ်းလိုက်နာမှုများသည် လျှော့နည်းလာပါကြောင်း။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက Health Sector Contingency Plan ကို ရေးဆွဲခဲ့ပြီး ယင်း Plan အပေါ်အခြေခံ၍ ရခိုင်ပြည်နယ်နှင့် ကိုက်ညီသည့် Rakhine State Health Sector Contingency Plan ကို ရေးဆွဲခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလာသည့် လူနာများကို မည်သည့်လမ်းကြောင်းမှ မည်သို့သယ်ဆောင်မည်၊ IDP စခန်းများရှိ လူနာများအတွက် မည်သည့်ဆေးရုံများကိုအသုံးပြုကြမည်၊ အရေးပေါ် ဖြစ်ပွား လာလျှင် မည်သို့ဆောင်ရွက်ကြမည်နှင့် ရခိုင်ပြည်နယ်အတွင်း လိုအပ်ချက်များကို ရေးဆွဲ ထုတ်ပြန်ပြီး ဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများကိုဖြန့်ဝေခဲ့ပါကြောင်း ဆွေးနွေးတင်ပြသည်။

ထို့နောက် ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က အလှူငွေများအား ဗဟိုသို့အပ်နှံခြင်းမပြုဘဲ ရခိုင်ပြည်နယ်၌သာ သုံးစွဲမည့်ကိစ္စအား ခွင့်ပြု ပေးပြီးဖြစ်ပါကြောင်း၊ ရိက္ခာကိစ္စတင်ပြချက်နှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်တွင် ရိက္ခာ ပြတ်လပ်မှု မရှိစေရန် အာမခံပါကြောင်း၊ လိုအပ်သည့် ရိက္ခာများကို ရနိုင်သည့်နည်းလမ်းဖြင့် ပို့ပေးမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်း ပူးပေါင်း ဆောင်ရွက်မည်ဟု ယုံကြည်ပါကြောင်း၊ ဘဏ္ဍာငွေကိုလည်း ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ချမ်းသာသည့်နိုင်ငံ မဟုတ်သော်လည်း ပြည်ထောင်စု၏ လိုအပ်သည့် အစိတ်အပိုင်းအား အမြဲ ပြည့်ပြည့်စုံစုံ ထောက်ပံ့သွားမည် ဖြစ်ပါကြောင်း။

ပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းကူညီပံ့ပိုးပေးကြမည်ဟု ယုံကြည်ပါကြောင်း၊ ယင်းမှာ အင်အားပင်ဖြစ်ပါကြောင်း၊ နိုင်ငံ မချမ်းသာသော်လည်း မိမိတို့ပြည်သူများ၏ ရက်ရောသည့် စိတ်ဓာတ်သည် များစွာချမ်းသာပါကြောင်း၊ အရေးကြီးလျှင် သွေးစည်း လိုသည့် စိတ်ဓာတ်၊ ဝိုင်းဝန်းကူညီပံ့ပိုးလိုကြသည့် စိတ်ဓာတ်ရှိသည့်အတွက် ငွေကြေး အနေဖြင့် လုံလုံလောက်လောက် ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ ပြည်ထောင်စု တစ်စိတ်တစ်ပိုင်း ကျန်းမာရေးအတွက် လိုအပ်ချက်မရှိစေရန် ပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း။

မိမိတို့ပြည်ထောင်စု ရေရှည်ရည်မှန်းချက်နှင့် သားသမီးအားလုံးအတွက် ရည်မှန်းချက် များကို မျက်ခြည်မပြတ်ရန် လိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ဘာသာရေးနှင့် လူမျိုးရေး အကြောင်းပြုသည့် ပဋိပက္ခများရှိပါကြောင်း၊ အမုန်းတရားကို တူးဆွနေသူများ၊ မေတ္တာ မပွားဘဲ တစ်ဦးနှင့်တစ်ဦးကြား ပဋိပက္ခဖြစ်ပွားအောင် လှုံ့ဆော်နေမှုများရှိပါကြောင်း၊ ယခု ရခိုင်ပြည်နယ်တွင် ကိုဗစ်ကို တိုက်ထုတ်ကြရာတွင် တစ်ဦးအပေါ်တစ်ဦး မည်သို့ စေတနာ ထားသည်ကို ပြသရန်လိုအပ်ပါကြောင်း၊ ယခုအချိန်တွင် မည်သူက အမှန်တကယ်စေတနာရှိ သည်ဆိုသည်မှာ ပေါ်လာမည်ဖြစ်ပါကြောင်း၊ ရခိုင်အတွက်ပြည်ထောင်စု၊ ပြည်ထောင်စု အတွက် ရခိုင် ဆိုသည့် စိတ်ဓာတ်နှင့်ကြည့်ရန် များစွာအရေးကြီးပါကြောင်း။

ဆိုရှယ်မီဒီယာတွင် ရေးသားနေကြသူများသည် တာဝန်သိစိတ်၊ အမှန်တကယ် စေတနာဖြင့် ရေးသားတင်ပြရန်လိုအပ်ပါကြောင်း၊ အရေးကြီးသည်မှာ အချက်အလက်များ မှန်ကန်ရန်ဖြစ်ပါကြောင်း၊ တချို့သည် မစဉ်းစားဘဲ၊ မှန်ခြင်း၊ မမှန်ခြင်းကို ဂရုမစိုက်ဘဲ ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားတင်ပြကြပါကြောင်း၊ ဆိုရှယ်မီဒီယာတွင် တင်ပြရာတွင် မှန်ကန်မှုရှိရန် ပထမအချက်ဖြစ်ကြောင်း၊ မှန်ကန်ပြီးအများအတွက် အကျိုးရှိရန်လည်း စဉ်းစားရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ယခုလုပ်နေရသည့် လုပ်ငန်းများကို ပိုမိုခက်ခဲစေသည့် ကိစ္စများကို ဆိုရှယ်မီဒီယာများတွင် ရေးသားတင်ပြခြင်းကို လူတိုင်းက ဆင်ခြင်ရမည် ဖြစ်ပါ ကြောင်း။

ယခုအချိန်သည် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် ကိုဗစ်ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်ပါကြောင်း၊ ကိုဗစ်ရောဂါ ပြန့်ပွားခြင်းကြောင့် မိမိတို့ ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သားများ ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ဦးတည်လုပ်ဆောင်နေပါ ကြောင်း၊ ထို့ပြင် ယခုအချိန်သည် အမှန်တကယ် စည်းလုံးညီညွတ်ရေးအတွက် အခွင့်အလမ်း တစ်ရပ်ဖြစ်သည်ဟုယုံကြည်ပါကြောင်း၊ လာမည့်ရက်သတ္တ ၃ ပတ် ၊ ၄ ပတ်အတွင်း ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင်မည်ဆိုပါက ကိုဗစ်ရောဂါပြန့်ပွားမှုအတွက် စိတ်သက်သာရာ ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုရက်သတ္တ ၃ ပတ် ၊ ၄ ပတ်အတွင်း အားလုံး စည်းမျဉ်း စည်းကမ်းများကို တိတိကျကျလိုက်နာရန် များစွာအရေးကြီးပါကြောင်း၊ ပူးပေါင်း ဆောင်ရွက် ကြမည်ဟုလည်း မိမိတို့ မျှော်လင့်ပါကြောင်း၊ ယင်းသည် ရေရှည်အတွက် များစွာ ကောင်းမွန်သည့် ခြေလှမ်းတစ်ရပ်ဖြစ်သွားမည်ဖြစ်ပါကြောင်း၊ ယခုကိစ္စတွင် ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် တစ်ဦးအပေါ်တစ်ဦးနားလည်မှု၊ မေတ္တာထားမှု၊ ယုံကြည် အားကိုးမှု များ ရှိလာကြမည်ဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် ရခိုင်ပြည်နယ်သာမက ပြည်ထောင်စုကြီး ရင်ဆိုင်နေရသည့် ကိစ္စများ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး အရည်အသွေးမီ ကာကွယ်ရေး ပစ္စည်းများ အချိန်မီရောက်ရန် လုပ်ဆောင်ပေးနိုင်ပါကြောင်း၊ စည်းကမ်းလိုက်နာခြင်းသည် မိမိအတွက် အကာအကွယ်ဖြစ်သည်ကို သဘောမပေါက်ကြပါကြောင်း၊ မိမိအတွက်လုပ်သည် ကို အမှန်တကယ်သဘောပေါက်မည်ဆိုပါက စည်းကမ်းလိုက်နာမှုသည် ခက်ခဲမည်ဟု မထင်မြင်မိပါကြောင်း၊ သို့သော်လည်း အများသည် စည်းကမ်းဆိုသည်ကို အပြင်လူက မိမိအပေါ်တွင် ပိတ်ပင်ထားသည်ဟု မယူဆစေလိုပါကြောင်း၊ စောင့်ရှောက်ပေးသည်ဟု ယူဆစေလိုပါကြောင်း၊ ထိထိရောက်ရောက် စောင့်ရှောက်နိုင်အောင် ယခုကဲ့သို့ လုပ်ဆောင်ရ ခြင်းဖြစ်ပါကြောင်း၊ အကန့်အသတ်များ လုပ်ဆောင်သည်ဆိုသည်မှာ ပိတ်ပင်တားဆီးခြင်း မဟုတ်ပါကြောင်း၊ စည်းကမ်းဆိုသည်မှာ မိမိအတွက် ကာကွယ်နိုင်အောင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် စေတနာ့ဝန်ထမ်းများက Quarantine ဝင်နေသည့် ပြည်သူများ နားလည်အောင် ရှင်းပြရမည်ဖြစ်ပါကြောင်း၊ စည်းမျဉ်းစည်းကမ်းသည် Quarantine ဝင်နေသူများအတွက် နံပါတ်တစ်ဖြစ်ပါကြောင်း၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရန် စေတနာ့ဝန်ထမ်း များက ပြောပေးရန် လိုအပ်ပါကြောင်း၊ Quarantine ဝင်နေသူများသည် ကျန်းမာရေး ဝန်ထမ်းများထက် စေတနာ့ဝန်ထမ်းများနှင့်ပို၍ ထိတွေ့မှုရှိပါကြောင်း၊ ကျန်းမာရေးဝန်ထမ်း များသည် ကုသ၊ စောင့်ရှောက်ရန်အတွက် တာဝန်ရှိပြီး စေတနာ့ဝန်ထမ်းများသည် လူမှုရေး အရ၊ စိတ်ဓာတ်ရေးအရ ပုံသွင်းပေးရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများသည် အရင်ရာစုနှစ် တစ်ဝက်အတွင်းတွင် နာမည်မကောင်းခဲ့ပါကြောင်း၊ ယခု ယင်းကိစ္စများကို ပြောင်းလဲရန် ကြိုးစားနေပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ နိုင်ငံ့ဝန်ကိုထမ်းနေသည့် သူများဖြစ်ပါ ကြောင်း၊ ပြည်သူအကျိုးကို ပြုသူများအဖြစ် မြင်စေလိုပါကြောင်း၊ သောက်သုံးရေ မပြည့်စုံပါက အခြားပြဿနာများစွာရှိတတ်ပါကြောင်း၊ ထို့ကြောင့် သောက်သုံးရေကိစ္စကို ဦးစားပေး၍ စီစဉ်ပေးမည်ဖြစ်ပါကြောင်း၊ စားစရိတ်အနေဖြင့် တစ်နေ့ ၃၀၀၀ မလုံလောက် ပါက ပြန်လည် စဉ်းစားပြီး အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ယခုအစီအစဉ်ကို နားထောင်နေသည့် ရခိုင်ပြည်နယ်မှ ဒေသခံလူငယ်များ ရှိမည် ဖြစ်ပါကြောင်း၊ တခြားဒေသမှ လူမှုရေး၊ ဘာသာရေးအရ မဟုတ်ဘဲ မေတ္တာ၊ စေတနာ၊ ကရုဏာအရ လာရောက်ကူညီပေးမှုများရှိနေပါက ရခိုင်ပြည်နယ်မှ ဒေသခံလူငယ်များ အနေဖြင့် ပိုပြီးကူညီလိုသည့် စိတ်ဓာတ်ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း၊ ယခုကဲ့သို့ စေတနာ့ဝန်ထမ်းများက ရှေ့ဆောင်လမ်းပြလုပ်ပေးခြင်းကြောင့် ဒေသခံလူငယ်များ အနေဖြင့် ဝိုင်းဝန်းပြီး စေတနာ့ဝန်ထမ်းအဖွဲ့များတွင် ပါဝင်လာကြမည်ဟု ယုံကြည်ပါ ကြောင်း။

ကျန်းမာရေးဝန်ကြီးဌာနအတွက် စိန်ခေါ်မှုသည် မိမိတို့နိုင်ငံ တစ်နိုင်ငံလုံးအတွက် စိန်ခေါ်မှုဖြစ်ပါကြောင်း၊ ကျန်းမာရေးအသိပညာဘက်တွင် အနည်းငယ် အားနည်းနေသည့် အတွက် တချို့က ပေါ့ဆခြင်းဖြစ်ပါကြောင်း၊ Quarantine Centre များတွင် ကျန်းမာရေး ပညာပေးဆိုင်ရာများကို စပီကာဖြင့် တစ်နေ့လျှင် နှစ်ကြိမ်၊ သုံးကြိမ် ထုတ်လွှင့်ပေးပါက နေထိုင်ရင်းဖြင့် ကျန်းမာရေးပညာများ ရရှိကြမည်ဖြစ်ပါကြောင်း၊ မိမိစိုးရိမ်သည်မှာ တချို့သည် ကိုဗစ်ရောဂါခံစားရပြီး ပျောက်သွားလျှင် ပြီးဆုံးပြီဟု ထင်မြင်ကြပါကြောင်း၊ မိမိနားလည်သည်မှာ ကမ္ဘာ့ပညာရှင်များ၏ သုံးသပ်မှုအရ ကိုဗစ်-၁၉ ရောဂါသည် နောက်တစ်ခါ ပြန်မခံစားရနိုင်ဟု အာမခံချက် မရှိပါကြောင်း၊ ယင်းကို တချို့ကမသိရှိကြ ပါကြောင်း၊ ထို့ကြောင့် ပေါ့လျော့သွားခြင်းလည်းပါဝင်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး နှင့် ကုသဆေးမပေါ်မီကာလတွင် ပြီးသွားသည်၊ ပျောက်သွားသည်ဟု သတ်မှတ်၍ မရပါကြောင်း၊ နောက်တစ်ကြိမ်လည်း ပြန်ဖြစ်နိုင်ခြေရှိ၊ မရှိ မသေချာပါကြောင်း၊ သတိ ဆိုသည်မှာ လွန်ကဲသည်ဟု မရှိပါကြောင်း၊ သတိဖြင့်နေရမည်ဖြစ်ပါကြောင်း၊ ယင်းကိစ္စကို ပြည်သူများအား ထပ်တလဲလဲ သတိပေးစေလိုပါကြောင်း၊ ကိုဗစ်-၁၉ကို ထိန်းချုပ်၍ရရန် နိုင်ငံတော်အနေဖြင့် မည်မျှရုန်းကန်ခဲ့ရသည်ကို တချို့က သဘောမပေါက်ကြပါကြောင်း၊ ဩဂုတ်လဆန်းအထိ သုံးလ၊ လေးလခန့် ပီပီပြင်ပြင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရုန်းကန်ခဲ့ရပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြည်သူများကိုစောင့်ရှောက်ကာကွယ်ရန် လိုအပ်သည်များကို ရှာဖွေပေးမည်ဖြစ်ပါကြောင်း၊ ထိုသို့ ရှာဖွေပေးရန် မလွယ်ကူပါကြောင်း၊ ရေတိုရေရှည် စဉ်းစားကြရပါကြောင်း။

ထို့ကြောင့် ယခုတင်ပြသွားကြသည့် လိုအပ်ချက်များသည် မိမိတို့ ပြည်သူများ၏ လိုအပ်ချက်များဖြစ်သည့်အတွက် အားလုံးကို ဖြည့်ဆည်းပေးရမည်ဖြစ်ပါကြောင်း၊ တစ်ချိန် တည်းတွင် ကိုဗစ်-၁၉ ပြီးဆုံးသွားသည့် ကာလကိုလည်းစဉ်းစားရပါကြောင်း၊ ကိုဗစ်-၁၉ ပြီးဆုံးသည့် ကာလတွင် မိမိတို့နိုင်ငံ၏ လိုအပ်ချက်များကို ဖြည့်ဆည်ပေးနိုင်သည့် အနေ အထားတွင် ရှိရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ပြီးဆုံးသည့် ကာလတွင် နိုင်ငံက ချွတ်ခြုံကျနေပြီး မည်သည့်အရာမျှ မလုပ်ဆောင်နိုင်သည့် ပုံစံမျိုးမဖြစ်စေလိုပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ရေတိုရေရှည်စဉ်းစားပြီးဆောင်ရွက်ရပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုသည် အဓိကဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်၏ အဓိကစိန်ခေါ်မှုနှင့် အားနည်းချက်သည် စည်းလုံးညီညွတ်မှုအားနည်းခြင်း ဖြစ်ပါကြောင်း၊ စည်းလုံးခြင်းသည် အင်အားဆိုသည်ကို ယခုကာလတွင် ပြသလိုပါကြောင်း၊ ညီညွတ်မှသာလျှင် မိမိတို့ရင်ဆိုင်နေရသည့် ပြဿနာနှင့် စိန်ခေါ်မှုများကိုကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း၊ ညီညွတ်ခြင်းကိုပျက်ပြားအောင်လုပ်ဆောင်နေသည့် ပုဂ္ဂိုလ်များ၊ အစုအဖွဲ့ များသည် ပြည်သူများအပေါ်တွင် အမှန်တကယ် စေတနာရှိသလားဆိုသည်ကို စဉ်းစား ရမည်ဖြစ်ပါကြောင်း၊ ညီညွတ်ခြင်းသည် အင်အားဖြစ်ပါကြောင်း၊ ညီညွတ်ခြင်းဖြင့်သာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း၊ ညီညွတ်မှုမရှိလျှင် ကျော်လွှားနိုင်မည် မဟုတ်ပါကြောင်း၊ ညီညွတ်မှုပျက်ပြားအောင် လုပ်ဆောင်ခြင်းသည် မိမိတို့နိုင်ငံအတွက် အကျိုးမရှိသည်ကို နားလည်စေလိုပါကြောင်း၊ တစ်ကမ္ဘာလုံးက မိမိတို့နိုင်ငံကို ရခိုင်ပြည်နယ် နှင့် ပတ်သက်ပြီး အမြင်လွဲမှားနေကြပါကြောင်း၊ မိမိတို့ မည်မျှကြိုးစားသည်၊ မည်မျှ အဆင်ပြေစေလိုသည်၊ ပြေလည်စေရန် လုပ်ဆောင်နေသည်ကို မမြင်ကြပါကြောင်း၊ မမြင် လိုသည်လည်း ပါဝင်ပါကြောင်း၊ မြင်လိုသည်ဖြစ်စေ၊ မမြင်လိုသည်ဖြစ်စေ မိမိတို့အနေဖြင့် မြင်အောင် အလုပ်ဖြင့် ပြသရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ်ရှိ ပြည်သူများ၊ ပြည်ထောင်စုတစ်ခုလုံးရှိ ပြည်သူများအားလုံး ရခိုင်ပြည်နယ်၌ လက်ရှိရင်ဆိုင်နေရသည့် စိန်ခေါ်မှုကို ကျော်လွှားနိုင်ရန် အားလုံးဝိုင်းဝန်းကူညီကြရန်၊ ညီညွတ်ကြရန် တိုက်တွန်း ပြောကြားပြီး ဆွေးနွေးမှုကို ရပ်နားလိုက်သည်။