Submitted by admin on Tue, 08/25/2020 - 11:07

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ မိုတဲဂိ တိုရှိမိစု နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဩဂုတ် ၂၄

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသို့ တရားဝင် ခရီးရောက်ရှိနေသည့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ မိုတဲဂိ တိုရှိမိစု နှင့် ယနေ့ မွန်းလွဲ (၂) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။

နှစ်နိုင်ငံတွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာအိချိယို မာရုယာမနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ တားဆီးရေးနှင့် ကုသရေးလုပ်ငန်းများအတွက် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဆက်လက်ကူညီ ပံ့ပိုးသွားမည့် အခြေအနေ၊ ကိုဗစ်-၁၉ ကာလအတွင်း နှစ်နိုင်ငံနိုင်ငံသားများအတွက် ကယ်ဆယ်ရေး လေယာဉ်များ ဆက်လက်ပျံသန်းပြေးဆွဲပေးရေးနှင့် အပြန်အလှန် သွားလာမှုများ တစ်ဆင့်ချင်း ပြန်လည် ဖွင့်လှစ်သွားရေး၊ မြန်မာနိုင်ငံ၌ နိုဝင်ဘာလအတွင်း ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲအတွက် ဂျပန်နိုင်ငံမှ အကူအညီပေးအပ်ရေးနှင့် လေ့လာသူအဖွဲ့ စေလွှတ်သွားရေးကိစ္စ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ ဂျပန်အစိုးရမှ ကူညီပံ့ပိုးမှုများ ဆက်လက် ပေးအပ်သွားမည့်ကိစ္စ၊ ကိုဗစ်-၁၉ အလွန်ကာလ မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့ လာစေရန် နှစ်ဖက် ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု ဆက်လက်တိုးချဲ့သွားရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ သည်။

ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးကြရာတွင် ဂျပန်နိုင်ငံအနေဖြင့် သိမ်မွေ့နက်နဲသည့် အခြေအနေကို နားလည်ကြောင်းနှင့် ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်း များအကြား သဟဇာတဖြစ်ရေးနှင့် တည်ငြိမ်ရေးအပါအဝင် မြန်မာအစိုးရ ကိုယ်တိုင် စီမံ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ဆက်လက် ထောက်ခံအားပေးသွား မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့၏ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် မြန်မာအစိုးရ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးရန် ကူညီပံ့ပိုးပေးခြင်းသည် တန်ဖိုးအရှိဆုံး ဖြစ်ကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်၌ လုံခြုံရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် စွမ်းဆောင်ရည် မြှင့်တင်ရန် ဂျပန်နိုင်ငံ၏ ကူညီပံ့ပိုးမှုများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စရပ်များအပေါ် နှစ်ဖက်ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။

ဆက်လက်၍ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်နိုင်မည့် အခြေအနေအပေါ် မူတည်၍ နှစ်နိုင်ငံအကြား ကာလရှည် နေထိုင်ခွင့်ရရှိထားသူများအား အပြန်အလှန် ဝင်ရောက်နိုင်ရေး နှင့် ပတ်သက်၍ တစ်ဆင့်ချင်း ဖြေလျှော့သွားရေး ကိစ္စရပ်များကို စက်တင်ဘာလလယ်တွင် ဆက်လက်ဆွေးနွေးရန် နှစ်ဖက်သဘောတူခဲ့ကြသည်။

ထို့ပြင် ဂျပန်နိုင်ငံသို့ ကာလတို လာရောက်လိုသည့် အတတ်ပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များအတွက် ဂျပန်နိုင်ငံသို့ ဝင်ရောက်ခွင့်ကို ဖြေလျှော့ပေးမည့် business track အစီအစဉ်နှင့် ဂျပန်အစိုးရမှပေးအပ်သည့် ပညာသင်ဆုရရှိထားသည့် မြန်မာပညာတော်သင် များကို ဂျပန်နိုင်ငံသို့ မကြာမီဝင်ရောက်ခွင့်ပြုရေးကိစ္စတို့ကိုလည်း ဆက်လက်ညှိနှိုင်းသွားရန် လည်း ဆွေးနွေးခဲ့ကြသည်။